UWSA ကဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းခွဲကျော်ကို တပ်မတော်ထံအပ်နှံ
DVB
·
May 20, 2020
‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းခွဲကျော်ကို ဒီကနေ့ မေ ၂၀ ရက် မနက် ၁၀ နာရီ လောက်က တပ်မတော်နဲ့ မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁)၊ တပ်မဟာ(၇၇၂) တပ်ဖွဲ့ဝင်တွေက ထိုင်း- မြန်မာနယ်စပ် ၃ ကီလိုမီတာအကွာ လွယ်ထွေတောင်ကြောမှာ ပြီးခဲ့တဲ့သီတင်းပတ်က မူးယစ်ဆေးမှောင်ခိုအင်အား ၄၀ လောက်နဲ့ တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးရမိခဲ့တဲ့ 999 တံဆိပ်ပါ wy ပန်းရောင်စိတ်ကြွဆေးပြားပေါင်း ၃၅၁၀,၀၀၀ ၊ M22 ကျည်ကတ်တစ်ခုနဲ့ ကျည် ၅ တောင့်နဲ့ အရှင်ဖမ်းဆီးရမိ တရားခံတစ်ဦးတို့ကို လွှဲပြောင်းအပ်နှံခဲ့တာပါ။
UWSA စစ်ဒေသ ၁၇၁ နိုင်ငံရေးမှူး ဦးအားဖူက " ကျနော်တို့ စစ်ဒေသ ၁၇၁ အနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် နိုင်ငံတော်အစိုးရနဲ့ ဒေသခံပြည်သူလူထုတို့နဲ့ ပူးပေါင်း ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရကို အပ်နှံပေးခဲ့တာ (၁၃) ကြိမ်ရှိပါပြီ''လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေသယ်ဆောင်လာမယ့် သတင်းရလို့ သုံးရက်၊ လေးရက်လောက် တပ်ဖြန့်ခွဲစောင့်ဆိုင်းနေစဉ် မေလ ၁၄ ရက်ည ၉ နာရီလောက်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင် အင်အား၄၀ ကျော်ကို ရပ်တန့်စေခဲ့ရာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးအသေ တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၁၅ ရက်နေ့မှာ အဆိုပါနေရာကို ဆက်လက်ရှင်းလင်းခဲ့ရာ တရုတ်ကျောပိုးအိတ်စစ်စိမ်းရောင် ၃၅ လုံးနဲ့ ထုပ်ပိုးသယ်ဆောင်လာတဲ့ 999 တံဆိပ်ပါ wy ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
သတင်း- အောင်ဇေယျ