ချောက်တွင် COVID-19 အစည်းအဝေးကျင်းပစဉ် ရပ်ကွက်ဥက္ကဋ္ဌအား ဆဲဆိုထိုးကြိတ်မှုဖြစ်
DVB
·
May 20, 2020
ချောက်မြို့ အမှတ်(၆)ရပ်ကွက် ရုံးမှာ COVID-19 အရေးနဲ့ပတ်သက်ပြီး ရပ်ကွက်လုံခြုံရေး၊ ရပ်ကွက် လက်လုပ်လက်စား အခြေခံစာရင်းပြုစုရေး ရပ်ကွက်ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးတွေ အစည်းအဝေး လုပ်နေစဉ် အမျိုးသားတစ်ဦးက ရပ်ကွက် ဥက္ကဋ္ဌကို ဆဲဆိုပြီး ထိုးကြိတ်ခဲ့ပါတယ်။
အမှတ် ၆ ရပ်ကွက် ဥက္ကဋ္ဌ ဦးငြိမ်းစိုးက “အစည်းအဝေးပြုလုပ်နေတုန်း ထွန်းအောင်ကျော် ဆိုသူက ရပ်ကွက်ရုံးအတွင်း ဝင်ရောက်လာပြီး ရပ်ကွက်သူခိုးကပ်တာ သိလား။ ခင်ဗျားအလုပ်က ဘာလဲလို့မေးတော့၊ ဌာနဆိုင်ရာနဲ့ ပေါင်းစပ်ပြီး လုပ်ကိုင်ရတယ်လို့ ပြောတော့၊ ခင်ဗျားကို တစ်လ ၇ သောင်းပေးထားတာ ရပ်ကွက်ကို ဘာလုပ်ပေးနိုင်လဲ ပြောပြီး စားပွဲကိုပုတ်တာ။ ပြောရင်းအနား ရောက်လာလို့ မင်းများနေပြီ ပြန်တော့လို့ပြောတော့ မူးလည်းမူးနေတာ။ အဲဒါနဲ့ လှမ်းထိုးတာ ရာအိမ်မှူးတစ်ယောက်က လှမ်းဆွဲတော့ မေးစေ့ ပွတ်ထိုးမိတာ” လို့ ပြောပါတယ်။
အမှတ်(၆)ရပ်ကွက်နေ ထွန်းအောင်ကျော်ကို ပြည်သူဝန်ထမ်းအားတာဝန် ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု၊ ညစ်ညမ်းစွာ ဆဲဆိုမှုတို့နဲ့ ချောက်မြို့မ ရဲစခန်းမှာ ဒီကနေ့ မနက်က အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-ကိုလင်း(ချောက်)