Homeမြန်မာသတင်း
မကွေးတိုင်းတွင် စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းနှင့် နောက်လိုက်တို့ကို ဒဏ်ငွေကျပ် ၅၀၀၀ စီ ချမှတ်
မကွေးတိုင်းတွင် စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းနှင့် နောက်လိုက်တို့ကို ဒဏ်ငွေကျပ် ၅၀၀၀ စီ ချမှတ်
DVB
·
May 20, 2020
မကွေးတိုင်းဒေသကြီးအတွင်းကနေ ခွင့်ပြုချက်မရှိဘဲ တိုင်းကျော်ပြေးဆွဲခဲ့တဲ့ ယာဉ်မောင်းနဲ့ နောက်လိုက်တို့ကို မေလ ၁၉ ရက်နေ့မှာ မကွေးမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ် ၅၀၀၀ ကျပ်စီ ချမှတ်လိုက် ပါတယ်။
မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က "တိုင်းအစိုးရ ခွင့်ပြုချက်မရှိဘဲ ရန်ကုန်ကို ပြေးဆွဲတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ၅၀၀၀ ကျပ်စီပြစ်ဒဏ်ချမှတ်လိုက်တာပါ။ မင်းလက်ဝါး မော်တော်ယာဉ်လိုင်းက မှန်လုံယာဉ် တစ်စီးဟာ မေလ ၁၆ ရက်က ခရီးသည် ၃၂ ဦးတင်ဆောင်ပြီး ဆင်ဖြူကျွန်းကနေ ရန်ကုန်ကို ပြေးဆွဲနေတယ်လို့ သတင်းရတဲ့အတွက် မြို့သစ်မြို့နယ်ထဲမှာ တားဆီးခဲ့တာပါ။”လို့ပြောပါတယ်။
ရန်ကုန်က ကုမ္ပဏီ/စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ခရီးသည် ၁၂ ဦးကို တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရွှေမန္တလေး အမြန်ယာဉ်နဲ့ ရန်ကုန်ကိုပို့ဆောင်ပေးပြီး၊ ကျန်တဲ့ ၂၀ ဦးကိုတော့ မှန်လုံယာဉ်ငယ် တစ်စီးနဲ့ ဆင်ဖြူကျွန်းမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲသူ ယာဉ်မောင်း ဦးမျိုးနဲ့ နောက်လိုက် ရဲမင်းထိုက်တို့ကို ကူးစက်ရောဂါ တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်းမှာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကို မေလ ၁၆ ရက်နေ့ကစတင်ပြီး တိုင်းဒေသကြီးအတွင်း စည်းကမ်းတကျ ပြေးဆွဲခွင့်ပြုထားပြီး တိုင်းကျော် ပြေးဆွဲခွင့်တွေကိုတော့ မေလကုန်အထိ ယာယီရပ်နားထားတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
သတင်း-မင်းထီး