Home
မြန်မာသတင်း
အမ်ဖန်မုန်တိုင်းအန္တရာယ်  စိုးရိမ်စရာမရှိဟု ရခိုင်နှင့် ချင်း ဒေသခံများပြော
ပိုင်စိုး
·
May 20, 2020
ဘင်္ဂလားပင်လယ်အော်မှာ အလွန့်အလွန်အားကောင်းတဲ့ အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေပေမယ့်  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မိုးရွာတာကလွဲလို့ စိုးရိမ်စရာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က “မိုးရွာနေတယ်။ မနက်ကပဲ ရွာတာ။ ခုတော့ ပိုပြင်းလာတယ်။ လေနည်းနည်းပဲ တိုက်နေတယ်။ အပျက်အစီးရှိလောက်တဲ့ အနေအထားတော့ မဟုတ်ဘူး။ လှိုင်းတော့ မကြီးပါဘူး။ မုန်တိုင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တစုံတရာသတိပေးကြေညာတာတော့ မကြားမိဘူး” လို့ ပြောပါတယ်။  မာန်အောင်မြို့ပေါ် ရပ်ကွက်တွေမှာတော့ မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး  မာန်အောင်မြို့နယ်မီးသတ်ဖွဲ့ဝင်တွေ  လှည့်လည် သတိပေးနှိုးဆော်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်တွေဒေသခံတယောက်ဖြစ်သူ ဦးထွန်းရှိန်ကတော့ ဒီမနက်ပိုင်းကစလို့ မိုးသည်းသည်းရွာနေတယ်လို့ ပြောကြားသလို့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်မှာတော့ ပုံမှန်ထက် လှိုင်းတော်တော်ကြီးနေပြီး မိုးလည်းရွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းအမ်ဖန်ရဲ့ အဝန်းအဝိုင်းဟာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ နီးကပ်နေသလို မုန်တိုင်းကမ်းကို ဝင်ရောက်ပြီးရင်  မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့အပေါ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒေသခံ ဦးထွန်းကြည်ကတော့  “လေကတော့ မတိုက်ဘူး။ မိုးကတော့ နည်းနည်းပဲ၊ စဲလိုက်ရွာလိုက်နဲ့ တနေကုန်ရွာနေတာ။ မိုးရွာတော့လည်း တော်သေးတာပေါ့။ အပူသက်သာသွားတယ်။ ဒီမုန်တိုင်းကြောင့်တော့ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။ မေ ၂၀ နဲ့ ၂၁ ရက်တို့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၁ နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ လေတိုက်နိုင်ပြီး  စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာတော့ ၁ နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်ခဲ့တဲ့ မုန်တိုင်းဟာ ရက်ပိုင်းအတွင်းမှာပဲ အလွန့်အလွန်အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ မရှိပေမယ့် မုန်တိုင်းကြောင့် မိုးရွာတာအပါအဝင် သက်ရောက်တာတွေ အများကြီးဖြစ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း သတိပေးထားပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်သလို ရေပြင် မြေပြင်လေဟာ ၁ နာရီကို  ၄၅ မိုင်အထိတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေကနေ ၁၆ ပေလောက်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံမိုးသက်လေပြင်းတွေကျရောက်နိုင်တယ်လို့ ဆိုပါတယ်။ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျတုန်းမှာ ရေပြင် မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုးအမြင့် ၈ ပေကနေ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024