ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်
ပိုင်စိုး
·
May 20, 2020
ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်လိုက်ပြီး နောင်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂(၁) နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့အရ စစ်တွေခရိုင်တရားရုံးကနေ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်မှာ ပြစ်ဒဏ်စီရင်ခံခဲ့ရပါတယ်။ ပြီးတော့ အယူခံအဆင့်ဆင့်ဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တည်ဆဲဥပဒေတွေအရ ထောင်ဒဏ်ကျခံရသူဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။
ဒါကြောင့် သူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးမှ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ) နဲ့ ငြိစွန်းတာကြောင့် တရားရုံးက စီရင်ချက်ချတဲ့နေ့ ၂၀၁၉ ခုနှစ် မတ် ၁၉ ကစလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဘဲ ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်က ပယ်ဖျက်တယ်လို့ ကော်မရှင်က ကြေညာပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင်ဟာ ကော်မရှင်က ကြေညာတဲ့ မတ် ၁၈ ရက်ကစလို့ နောင်မှာလုပ်မယ့် ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။
ဒေါက်တာအေးမောင်ဟာ စာရေးဆရာ ဝေဟင်အောင်နဲ့အတူ ၂၀၁၈ ခုနှစ် ဇန်နဝါရီက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ခိုင်ပြည်နယ် အစိုးရရဲ့ တရားစွဲဆိုခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် နှစ် ၂၀ စီနဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ်စီ ကျခံနေရတာ ဖြစ်ပါတယ်။