မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကင်းစင် နေပြန်ကောင်းလာသူ ၁၀၄ ဦးရှိပြီ
DVB
·
May 20, 2020
မြန်မာနိုင်ငံတဝန်းရှိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအထဲက ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၀၄ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၃၇၅) ခုကို မနေ့ ညပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာတော့ COVID-19 လူနာသစ် မတွေ့ရှိရဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာတော့ ယူအေအီးနိုင်ငံက ပြန်လာတဲ့ အမျိုးသမီး ၂ ဦးမှာ COVID-19 ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ လူနာသစ် ၂ ဦးကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။
ဒီကနေ့ မေလ ၂၀ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၉၃ ဦးရှိပြီး သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။