အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ စမ်းသပ်ချက် COVID-19 ကာကွယ်ဆေးအတွက် အလားအလာကောင်း 

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ရဲ့ စမ်းသပ်ချက် COVID-19 ကာကွယ်ဆေးဟာ   ကနဦးအဆင့်မှာ အလားအလာကောင်းတာကို တွေ့ရတယ်လို့ ကုမ္ပဏီက မေ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ စမ်းသပ်ကာကွယ်ဆေးဟာ လူနာတွေရဲ့ COVID-19 ဗိုင်းရပ်စ်ကို သုတ်သင်နိုင်တဲ့  ပဋိပစ္စည်းတွေကို ထုတ်ပေးတယ်လို့ Moderna က ပြောပြီး ကုမ္ပဏီရှယ်ယာဈေးလည်း ၂၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ စမ်းသပ်ကာကွယ်ဆေးက ထုတ်ပေးတဲ့ ပဋိပစ္စည်းအဆင့်ဟာ COVID-19 ရောဂါကနေ ပြန်ကောင်းလာသူတွေရဲ့ သွေးနမူနာက ပဋိပစ္စည်းအဆင့်နဲ့ ဆင်တူတယ်လို့  အမျိုးသားသုတေသနဌာနရဲ့ ကနဦးရလဒ်တွေက ဖော်ပြနေပါတယ်။  စမ်းသပ်ခံသူတွေကို ကာကွယ်ဆေးပမာဏ အမျိုးမျိုးပေးပြီးနောက် ကိုယ်တွင်း ခုခံတုံ့ပြန်နိုင်စွမ်း တိုးလာတာ တွေ့ရှိရတယ်လို့ မိုဒဲနာကုမ္ပဏီက ပြောပါတယ်။ COVID-19 ရောဂါအတွက် ကမ္ဘာတဝန်း ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းရာမှာ Moderna ဟာ ဦးဆောင်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းက စည်းမျဉ်းသုံးသပ်ချက်ကို အမြန်ဆောင်ရွက်ခဲ့ပါတယ်။ Moderna အနေနဲ့  နှောင်းပိုင်း ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဇူလိုင်လမှာ  စတင်သွားဖို့ မျှော်လင့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up