ရှားတောမြို့နယ်တွင် တပ်ပြောင်းချိန် အချက်ပြပစ်ခတ်ခဲ့ဟု ကေအန်ပီပီပြော
နော်နိုရင်း
·
May 18, 2020
ကယားပြည်နယ်၊ ရှားတောမြို့နယ် အလယ်ပိုင်းကျေးရွာအုပ်စုမှာ ပစ်ခတ်မှု တခုဖြစ်ပွားခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တပ်တွေအပြောင်းအလဲ လုပ်ချိန်မှာ အချက်ပြတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာလို့ ရှားတောမြို့နယ်ဆက်ဆံရေးတာဝန်ခံဦးဘိုးရယ်က ပြောပါတယ်
“ကျနော်တို့ဘက်က တပ်အပြောင်းအလဲရှိတယ်လေ။ ကေအန်ပီပီတပ်က တပ်ရင်း ၃ ခွဲ ၁ နဲ့ ခွဲ ၂ နဲ့ ချိန်းတဲ့အချိန်မှာ ပစ်လိုက်တယ်ဆိုတာက အချက်ပြတဲ့သဘောပါ။ ကေအန်ပီပီတပ်က၊ အသစ်ရောက်လာမယ့်အဖွဲ့နဲ့ ပြန်မယ့်အဖွဲ့ ချိန်းတဲ့အချိန်မှာ ပြန်မယ့်အဖွဲ့က ငါတို့ဒီမှာရှိပါတယ်ဆိုတာကို အချက်ပြတဲ့အနေနဲ့ ပစ်ခတ်တာ။”
ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်ပိုင်းက ရှားတောမြို့နဲ့ ၆ မိုင်လောက်အကွာ အလယ်ပိုင်းကျေးရွာအုပ်စု ဒေါလယ်ခူး ကျေးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့သလို ပစ်ခတ်မှုနောက်ပိုင်း တပ်မတော်ဘက်လည်း စစ်ကြောင်းတွေနဲ့ လိုက်သွားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တပ်မတော်စစ်ကြောင်းလိုက်သွားလို့ အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပေမယ့် နှစ်ဖက် တိုက်ပွဲဖြစ်တာနဲ့ ပစ်ခတ်တာတွေ မရှိဘူးလို့ ကေအန်ပီပီက ငြင်းဆိုထားပါတယ်။
တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်အသေအချာ မသိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒီပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကေအန်ပီပီဘက်ကရော တပ်မတော်ဘက်ကပါ အတည်ပြုချက် မပေးပါဘူး။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)ဟာ ပြည်နယ်အဆင့်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသေးပါဘူး။