Home
မြန်မာသတင်း
COVID-19 ကပ်ဘေးကာလ သီလရှင်များ ဆွမ်းဆန်အခက်အခဲရှိနေ 
DVB
·
May 18, 2020
ရန်ကုန်တိုင်းက မြို့နယ်တွေမှာ Semi Lockdown ကာလကို မေလ ကုန်အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့် အပြင်ထွက်ပြီး ဆွမ်းဆန်အလှူခံရတဲ့ သီလရှင်တွေ ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာနေပါတယ်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်အများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာ ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် တိုင်းအစိုးရက Semi Lockdown ကာလကို အရင်က မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားရာကနေ မေလကုန်အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ အစိုးရအဖွဲ့ကတော့ ပထမ Semi Lockdown စတင် ပြုလုပ်တဲ့အချိန်က စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ  စာသင်တိုက်တွေ သီလရှင်ကျောင်းတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်ပွားမှု အခြေအနေကာလရှည်ကြာလာတာနဲ့အမျှ တချို့သီလရှင်တိုက်တွေမှာ ဆွမ်းဆန်အလှူခံမထွက်ရတော့တာကြောင့် ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာတယ်လို့ ခေမာရာမသီလရှင်စာသင်တိုက်က  ဆရာလေးဒေါက်တာစန္ဒာက မိန့်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ စာသင်တိုက်တွေ သီလရှင်ကျောင်းတွေအနေနဲ့ ကပ်ဘေးကာလ ကြာမြင့်လာတာကြောင့် ဆွမ်းဆေး အခက်အခဲရှိလာပြီး  အလှူရှင်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ တချို့သီလရှင်ကျောင်းလေးတွေကတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှာကို  စိုးရိမ်ပေမဲ့လည်း ဆွမ်းဆန်အခက်အခဲရှိတာကြောင့် ဆရာလေးတွေ အလှူခံထွက်နေရတယ်လို့ ပြောပါတယ်။  အခု ပိတ်ပင်ကန့်သတ်မှုတွေကို နောက်ထပ် ၁၅ ရက်ထပ်မံတိုးမြှင့်လိုက်ရာမှာ ဆွမ်းစားအခက်အခဲရှိတဲ့ ကျောင်းတွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ တင်ပြရင် ကူညီဆောင်ရွက်ပေးဖို့ရှိတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၈၇ ဦးထိရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူတွေအထဲမှာ သံဃာတော်တွေနဲ့ သီလရှင်တွေတော့ မပါဝင်ပါဘူး။  ခိုင်ပန်းနု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024