အစ္စရေးဝန်ကြီးချုပ်၏ အစိုးရသစ်ကို လွှတ်တော်အတည်ပြု

ဓာတ်ပုံ-ရိုက်တာ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ညီညွတ်ရေးအစိုးရသစ်ကို လွှတ်တော်က မေလ ၁၇ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။ အချိန် ၁ နှစ်ကျော်ကြာ နိုင်ငံရေးအကြပ်ရိုက်မှု အဆုံးသတ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ကတော့ အဂတိလိုက်စားမှု စွဲချက်အတွက် လာမယ့်သီတင်းပတ်ကစပြီး အမှုရင်ဆိုင်ရမှာပါ။  ပြိုင်ဘက်ဟောင်း ဗဟိုဝါဒီ ခေါင်းဆောင် ဘန်နီဂန့်ဇ် နဲ့ အာဏာခွဲဝေယူဖို့ နေတန်ယာဟုရဲ့ ဆုံးဖြတ်ချက်ဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ အစိတ်အပိုင်းတွေကို အစ္စရေး ပိုင်နက် အဖြစ် သွတ်သွင်းမယ့် ကတိအတွက် ရှေ့တိုးဆောင်ရွက်ဖို့ လမ်းပွင့်သွားစေပါတယ်။  ရွေးကောက်ပွဲအပြီးမှာ နေတန်ယာဟုဟာ ဝန်ကြီးချုပ်အဖြစ် ၁၈ လ ဆက်ရှိနေမှာဖြစ်ပြီး သူ့ မိတ်ဖက်သစ်ဆီ ရာထူး လွှဲပေးမှာပါ။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂန့်ဇ်ကတော့ နေတန်ယာဟုရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပြီး အလှည့်ကျ ဝန်ကြီးချုပ်လည်း ဖြစ်လာမှာပါ။   ရာဇဝတ်မှုနဲ့ တရားစီရင်ခံရရင်တောင် ဝန်ကြီးချုပ် ဆက်ဖြစ်နေခွင့်ပြုမယ့် တရားဝင် စည်းမျဉ်းတွေအောက်မှာ ရာထူးက နုတ်ထွက်ရတဲ့အဖြစ်မျိုးကို ရှောင်ဖို့ နေတန်ယာဟုက မျှော်လင့်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။  အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် နေတန်ယာဟုဟာ ၁၉၉၆ ခုနှစ်တည်းက အာဏာရပြီး သက်တမ်း ၃ ဆက် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။  အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး ၃၆ ယောက်ထိ စံချိန်တင် ရှိလာမှာဖြစ်ပြီး နေတန်ယာဟုနဲ့ ဂန့်ဇ်တို့ ၂ ယောက်စလုံးရဲ့ အဖွဲ့ဝင်တွေ အစိုးရအဖွဲ့ထဲ ပါရှိစေဖို့ ဝန်ကြီးနေရာအသစ်တွေ အတော်များများကို ဖန်တီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

More News
Up