Live
Home
မြန်မာသတင်း
ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း
DVB
·
May 18, 2020
အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေမူကြမ်းကို ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မေလ ၁၈ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ အရင် ဥပဒေဟောင်းဟာ နဝတအစိုးရလက်ထက် ၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ် နအဖ အစိုးရလက်ထက်မှာ အသစ်ပြင်ဆင်ရေးဆွဲထားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေ ဟောင်းနေရာမှာ ဥပဒေအသစ်တစ်ခုကို ပြင်ဆင်ရေးဆွဲပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။ အခန်း(၁၁) ခန်း၊ ပုဒ်မ ၅၁ ခုနဲ့ ရေးဆွဲထားတဲ့ ဒီဥပဒေပေါ်ပေါက်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက " ဤဥပဒေပေါ်ပေါက်လာပါက (၁) ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့မှုနှင့် ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွားမှုကို လျင်မြန်စွာထိန်းချုပ်ဆောင်ရွက်နိုင်ရေး၊ (၂) ကူးစက်ရောဂါနှင့် ကူးစက်မြန်ရောဂါများ ဖြစ်ပွားလာပါက လိုအပ်သော စုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ရောဂါထိန်းချုပ်လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ခြင်းနှင့် စီမံဆောင်ရွက်ခြင်း၊ (၃) အပြည်ပြည်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရာတွင် ပိုမိုထိရောက်နိုင် ခြင်းတို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်းလည်း ပိုမိုမြင့်မားကာ ကူးစက်ရောဂါဖြစ်ပွားမှုများ ကျဆင်းသွာနိုင်မည်ဖြစ်ပါသည်။" လို့ ပြည်သူ့လွှတ်တော်ထံ ဥပဒေကြမ်းတင်သွင်းရာမှာ ပြောပါတယ်။ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း သဘောထားမှတ်ချက်နဲ့ ပြင်ဆင်လိုတဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေ ထားပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြင်ဆင်ချက်တင်သွင်းလိုတဲ့ ကိုယ်စားလှယ် တွေက မေလ ၂၀ ရက်ညနေ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံးထံ အမည်စာရင်းတင်သွင်းဖို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးတီခွန်မြတ်က ပြောပါတယ်။ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း လွှတ်တော်ခေါ်ယူကျင်းပရတဲ့အတွက် လွှတ်တော်အစည်းအဝေးကာလကို အချိန်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ ခုတကြိမ်ပြန်လည်ကျင်းပတဲ့ လွှတ်တော်ရက်တွေမှာ COVID -19 ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် ကမ္ဘာ့ ဘဏ်က အမေရိကန်ဒေါ်လာသန်း ၅၀ ငါးဆယ်ချေးယူမယ့်ကိစ္စနဲ့ အစိုးရရဲ့ ဖြည့်စွက်ဘတ်ဂျက် ကိစ္စတွေလည်း ဆွေးနွေးဖို့ရှိနေပါတယ်။ ဒီနေ့လွှတ်တော်သို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို အပူချိန်စစ်ဆေးပေးပြီး နှာခေါင်းစည်း တပ်ဆင်စေခဲ့သလို  လွှတ်တော်ထဲမှာလည်း တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေရာချထားပေးပါတယ်။ ဒါ့အပြင်  လွှတ်တော်တက်သတင်းယူတဲ့ သတင်းသမားတွေကိုလည်း အပူချိန်တိုင်းတာနဲ့ ခပ်ခွာခွာသတင်းယူခိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့်( နေပြည်တော်)၊ Photo - Hein Htet / MPA 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024