ရသေ့တောင်မြို့နယ်တွင် အမျိုးသား ၁ ဦး မီးရှို့ခံရပြီး သေဆုံး
DVB
·
May 18, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အရှေ့တောင်ရပ်ကွက်မှာ နေထိုင်သူ အမျိုးသား ၁ ဦး မီးရှို့ခံရပြီး ဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
မေလ ၁၆ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်က မီးရှို့ခံရတာဖြစ်ပြီး ရသေ့တောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် မေလ ၁၇ ရက်နေ့ မနက် ၅ နာရီအချိန်မှာ သေဆုံးတာလို့ အရှေ့တောင်ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က ပြောပါတယ်။
"သူတို့က အရင်ရန်ငြိုးရန်စတွေရှိကြလားတော့ မပြောတတ်ဘူး။ အခုသေဆုံးသူ အမျိုးသား နေတဲ့နေအိမ်ရှေ့ကို တရပ်ကွက်တည်းမှာနေတဲ့ သားအမိနှစ်ယောက်က လာရောက်ဆဲဆိုတယ်။ သူက အိမ်အပြင်ကိုထွက်လာပြီး ရန်ဖြစ်ကြတဲ့အချိန်မှာ အမျိုးသမီးကြီးက ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း သေဆုံးသွားခဲ့တယ်၊"
မီးရှို့ခံရပြီး သေဆုံးသွားသူမှာ အသက် ၃၇ နှစ်အရွယ် ကိုသန်းစိုး ဖြစ်တယ်လို့ ဆိုပါတယ်။
မီးရှို့ခဲ့တဲ့ ဒေါ်ချိုမာရီနဲ့ သားဖြစ်သူ မောင်တိုးမြတ်နိုင်တို့ကို ရသေ့တောင်မြို့နယ်ရဲ့စခန်းမှာ ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
သတင်း- လင်းလက်