ဩစတြေးလျတွင် ကန့်သတ်ချက်များ ဖြေလျှော့ပြီး လူအကန့်အသတ်ဖြင့် ဘုရားဝတ်ပြု

ဓာတ်ပုံ-ရိုက်တာ
6.2K
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာ အသွားအလာ ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့အတွက် ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေဟာ ပထမဆုံး တနင်္ဂနွေနေ့ ဘုရားရှိခိုးပွဲကို လူ ၁၀ ဦး အကန့်အသတ်နဲ့ လူချင်းခွာပြီး ပြန်ဝတ်ပြုခွင့် ရခဲ့ပါတယ်။
လက်ဆွဲနှုတ်ဆက်ကြမယ့်အစား ငြိမ်းချမ်းရေးသင်္ကေတ လုပ်ပြဖို့လည်း တိုက်တွန်းထားပါတယ်။
ဆစ်ဒနီမြို့ ဆင်ခြေဖုံးဖြစ်တဲ့ လိန်းကို့ဗ်က စိန့်မိုက်ကယ်ဘုရားကျောင်းမှာ လူ ၁၀ ဦးနဲ့သာ ဘုရားရှိခိုးရပေမယ့် ဝမ်းသာတယ်လို့ ဖာသာ ဂျော်ဖရီပလန့်က ပြောပါတယ်။
ဘုရားကျောင်းတက်ပြီး ဆုတောင်းပွဲ ပါဝင်ချင်သူတွေဟာ ကြိုတင်စာရင်းသွင်းထားကြရ ပါတယ်။
ဩစတြေးလျဟာ COVID-19 အတည်ပြုလူနာဦးရေ ၇,၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၈ ဦးပဲ ရှိတာမို့ မြောက်အမေရိကနဲ့ ဥရောပတို့ထက်စာရင် ထူးထူးခြားခြား နည်းပါးတဲ့နှုန်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ စောင့်ကြည့်မှုကို ဆက်လုပ်ဖို့နဲ့ သတိဆက်ရှိကြဖို့ တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။