Home
မြန်မာသတင်း
အမ်းမြို့နယ်က စစ်ဘေးရှောင်များ နှီးဖြင့်ရက်သည့် ခြေနင်းအမှိုက်ပုံးများ ထုတ်လုပ်ရောင်းချ
DVB
·
May 17, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ပုံမှန်ဝင်ငွေရရှိဖို့အတွက် နှီးနဲ့ရက်လုပ်ထားတဲ့ ခြေနင်းအမှိုက်ပုံးတွေကို ထုတ်လုပ် ရောင်းချနေကြပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရသူတွေအနေနဲ့  ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ်သုံးလို့ရအောင် ရည်ရွယ်ပြီး အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ အကူအညီနဲ့ လက်မှုပစ္စည်းတွေ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။   အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်က သူတို့တွေက မိုးတွင်းကာလ ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ဝင်ငွေလေးတခု ရအောင်အတွက်ပေါ့၊ ဝင်ငွေရအောင် ဖျာတွေ လုပ်ခိုင်းတယ်။ ခမောက်တွေ လုပ်ခိုင်းတယ်။ အမှိုက်ခြင်းလေးတွေကို လုပ်ခိုင်းတာပေါ့။ ပြီးရင် ကျမတို့က ရောင်းပေးတာပေါ့။  သူတို့ကို အဓိကဝင်ငွေလည်း ရအောင်လို့ပါ။ သူတို့ရတဲ့ငွေတွေကို  ကျမတို့က မယူဘူး။ သူတို့တွေကိုပဲ ပေးတယ်။ စစ်ဘေးရှောင်တွေ စခန်းထဲမှာ ရှိတဲ့လူတွေ သူတို့ ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ်သုံးလို့ရအောင်လို့ လမ်းစရှာပေးတဲ့သဘောပါလို့ ပြောပါတယ်။ နှီးနဲ့ရက်လုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို ပဲပဒုံကယ်ဆယ်ရေးစခန်း(၁)မှာ ပြီးခဲ့တဲ့ ၄ လကျော်လောက်ကတည်းက ရောက်ရှိနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေက အဓိကထုတ်လုပ် ရောင်းချနေကြတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေထုတ်လုပ်တဲ့ လက်မှုပစ္စည်းတွေကိုတော့ အမ်းမြို့နယ်အတွင်းမှာသာ ထုတ်လုပ်ရောင်းချနေရတာဖြစ်ပြီး လက်ရှိအချိန်မှာ  ကုန်းကြမ်းဖြစ်တဲ့ နှီးဝါးတွေ ရှားပါးတာကြောင့် ကုန်ကြမ်းအခက်အခဲ ရှိနေပါတယ်။  နှီးနဲ့ရက်လုပ်ထားတဲ့ ခြေနင်းအမှိုက်ပုံးတွေကိုတော့ တခုကို ကျပ် ၅၀၀၀ နဲ့ ရောင်းတာ ဖြစ်ပြီး ကုန်ကြမ်းအခက်အခဲကြောင့် ထုတ်လုပ်မှုနည်းနေသေးလို့  တခြားမြို့နယ်တွေကို တင်ပို့ ရောင်းချဖို့ မဖြစ်နိုင်သေးဘူးလို့လည်း မအေးအေးနိုင်က ပြောပါတယ်။  “သူတို့ရဲ့အားသာချက်ကတော့ အဖုံးကို လက်နဲ့ဖွင့်စရာ မလိုဘူး။ ခြေနဲ့နင်းလိုက်တာနဲ့ အော်တိုပွင့်ပြီးသားပေါ့။ အခုကတော့ အမ်းမှာ ဝယ်နေတဲ့လူတွေကလည်း အများကြီး ဖြစ်နေသေးလို့ လုပ်တာနဲ့ကို လိုက်မမီသေးဘူး ဖြစ်နေတာပေါ့။ ကားတွေနဲ့ထည့်ပေးမယ့်ဟာကျတော့လည်း ကားတင်မယ့်ဟာ သိပ်အဆင်မပြေသေးဘူးပေါ့။ အဓိက အခက်အခဲကတော့ နှီးဝါးတွေက နည်းနည်းရှားတဲ့အခါမှာ လိုက်မမီဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။ အမ်းမြို့နယ်မှာ ပဲပဒုံ ကယ်ဆယ်ရေးစခန်း(၁)နဲ့ အမ်းမြို့မ အားကစားကွင်း ကယ်ဆယ်ရေးစခန်း(၂) ဆိုပြီး စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂ ခု  ဖွင့်လှစ်ထားပါတယ်။  နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024