Home
မြန်မာသတင်း
COVID-19 ကာကွယ်ရေးအတွက် လှိုင်သာယာတွင် ကျန်းမာရေးစစ်တမ်း ကောက်ယူ
DVB
·
May 16, 2020
လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့မှာ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း၊ သို့မဟုတ် ကူးစက်ရောဂါ ရှာဖွေစုံစမ်းဖော်ထုတ်ခြင်း (Fever Surveillance) ကို ပြုလုပ်ခဲ့ပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ အမှတ်(၆) ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ ချန်းရီ စက်ရုံ၊ ညောင်ရွာ၊ ဒိုင်စု ကျေးရွာ၊ အတွင်းပဒံ ကျေးရွာ၊အပြင်ပဒံ ကျေးရွာ၊ ကုလားကြီးစုကျေးရွာ တို့မှာ အစုအဖွဲ့ပေါင်း ၄၅၀ နဲ့ ကျန်းမာရေးစစ်တမ်း ကောက်ယူမှု ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ လှိုင်သာယာမြို့နယ်မှာ လူပေါင်း ၁ သိန်းခွဲလောက်ကို ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကျန်းမာရေးစစ်တမ်းကောက်ယူနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ချန်းရီ ဖိနပ်စက်ရုံ၊ YJ အထည်ချုပ်စက်ရုံ၊ ညောင်ရွာဒိုင်စု၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာ၊ ကုလားကြီးစုရွာတို့မှာ ပြည်သူပေါင်း ၁၄၀၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးပြီး စစ်တမ်းကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ချန်းရီဖိနပ်စက်ရုံမှာတော့ စက်ရုံဝန်ထမ်းတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်း စစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။ အခုလို ကျန်းမာရေးစစ်တမ်း ကောက်ယူတဲ့ အစီအစဉ်ကို ရန်ကုန်တိုင်း ကုသရေးနဲ့ ကျန်းမာရေးဦးစီးဌာနက ကြီးကြပ်ပြီး ခရိုင်၊ မြို့နယ်ကျန်းမာရေးဌာနတွေက တာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်းအင်အား ၉၀၀ ကျော် နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ကို အဖွဲ့တွေခွဲပြီး တအိမ်တက်ဆင်း ကိုယ်အပူချိန်တိုင်းပြီး ချောင်းဆိုးတာ၊ ဖျားတာ၊ မောပန်းတာ၊ အသက်ရှူရခက်တာ၊ လည်ချောင်းနာတာ၊ အနံ့ အရသာ ပျောက်တာနဲ့ ခေါင်းကိုက်တာ စတာတွေ ဖြစ်၊ မဖြစ် မေးခွန်းတွေကို မေးမြန်း စစ်တမ်းယူတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024