Home
မြန်မာသတင်း
အခြေခံကျောက်မျက်လုပ်သား ၁၅၀၀၀ ကျော်အတွက် စားသောက်ကုန်များ ထောက်ပံ့
DVB
·
May 16, 2020
COVID-19 ကာလ စားဝတ်နေရေး အခက်အခဲကြုံနေတဲ့ မန္တလေးမြို့က အခြေခံကျောက်မျက်လုပ်သား အိမ်ထောင်စုပေါင်း ၁၅၀၀၀ ကျော်အတွက် စားသောက်ကုန်တွေ စတင် ထောက်ပံ့ပေးနေပါတယ်။  မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ မေလ ၁၆ ရက်နေ့ က စတင်ပြီး အခြေခံ ကျောက်မျက်လုပ်သား အိမ်ထောင်စု ၁၅၀၀၀ ကျော်အတွက် မိသားစု ၁ စုကို ဆန် ၁၀ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆား ၁ ပိဿာ၊ ငရုတ်သီး   ၁ ထုတ်တို့ကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့နိုင်ဖို့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ နဲ့ အလှူရှင်တွေ စုပေါင်းလုပ်ဆောင်တာပါ။  ကျောက်ဝိုင်းကလည်း ပိတ်ထားတော့ စားဝတ်နေရေးအခက်အခဲရှိမှာ စိုးတဲ့အတွက် တက်နိုင်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ထောက်ပံ့ပေးတာလို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ  ဒုဥက္ကဋ္ဌ ဦးကျော်ဦးက ပြောပါတယ်။ COVID-19 ကပ်ရောဂါကြောင့် တရက်ကို လူဦးရေ ၅ သောင်း ပတ်ဝန်းကျင် အဝင်အထွက်ရှိတဲ့ မန္တလေးမြို့က ကျောက်ဝိုင်းကို မတ်လ ၂၄ ရက်နေ့က စတင်ပြီး  ယာယီ ပိတ်ခဲ့တဲ့အတွက် ကျောက်သွေး ကျောက်ဖြတ် အပါအဝင် အခြေခံ လက်လုပ်လက်စား ကျောက်သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။  ကျောက်ဝိုင်းပြန်ဖွင့်ခွင့်ရဖို့ ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ မေ ၁၆ ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့က ကျောက်သမားတွေကို ပေးအပ်တာဖြစ်ပြီး မေ ၁၇ ရက်နေ့မှာ မဟာအောင်မြေအနောက်ပိုင်က ကျောက်သမားတွေကို ပေးအပ်လှူဒါန်းမှာပါ။  ဒါ့အပြင် မေလ ၁၈ ရက်နေ့မှာ မဟာအောင်မြေအရှေ့ပိုင်း၊ စစ်ကိုင်း၊ မတ္တရာ၊ ပုသိမ်ကြီး စတဲ့ တခြားမြို့တွေက အခြေခံကျောက်သမားတွေနဲ့ မေ ၁၉ ရက်နေ့မှာတော့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ တို့က ကျောက်သမားတွေကို ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။ နိုင်လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024