သောင်ရင်းမြစ်အတွင်း ရေဆင်းကူးသည့် အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 15, 2020
မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်မှာ အမျိုးသား တစ်ဦး မေလ ၁၄ ရက် မနက် ၁၁ နာရီလောက်က သောင်ရင်းမြစ်ထဲ ရေဆင်းကူးရာက ရေနစ်သေဆုံးသွားပါတယ်။
အဆိုပါ အမျိုးသားဟာ အဖော် နှစ်ဦးနဲ့အတူ သောင်ရင်းမြစ်အတွင်း ရေအနက် ၇ ပေလောက်ရှိတဲ့ နေရာမှာ ငါးရှာဖမ်းဖို့ရည်ရွယ်ပြီး ရေဆင်းကူးရာကနေ ရေနစ်သွားတာဖြစ်ပြီး တွေ့မြင်ရသူတွေက ဆယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မတွေ့ရှိခဲ့ပါဘူး။
ရှာဖွေမတွေ့တဲ့အတွက် ဌာနဆိုင်ရာ ရဲ၊ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ရေနစ်သူကို ရှာဖွေတွေ့ရှိသွားပါတယ်။
အသက် ၃၀ လောက်ရှိပြီဖြစ်တဲ့ ရေနစ်သေဆုံးသူ အမျိုးသားကို မြဝတီမြို့ ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးပြီးမှ မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်မှာ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလမှာ ရေဆင်းကူးသူတွေ မကြာခဏ ရေနစ်သေဆုံးလေ့ရှိပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ သောင်ရင်းမြစ်ထဲမှာ ပထမဆုံးရေနစ်သေဆုံးမှု ဖြစ်ပါတယ်။
ဖိုးစီ