ထိုင်းတွင် ညမထွက်ရအချိန် ၁ နာရီ လျှော့ချ၊ ကုန်တိုက်များ မေ ၁၇ ရက် ပြန်ဖွင့်မည်

ဓာတ်ပုံ-နေရှင်းတီဗွီ
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူဦးရေ ၁၀ ဦးအောက်သာ နေ့စဉ်တွေ့ရှိတဲ့အတွက် အရေးပေါ်အခြေအနေကြောင့် ကန့်သတ်ထားတဲ့ စီမံချက်အချို့ကို ထိုင်းအစိုးရက ဒုတိယအကြိမ် ဖြေလျော့ပေးလိုက်ပါတယ်။  ဒီတကြိမ်ဖြေလျော့မှုမှာ လာမယ့် မေ ၁၇ ရက်နေ့ကစပြီး ပိတ်ထားတဲ့ ကုန်တိုက်ကြီးတွေကို ပြန်ဖွင့်ဖို့နဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ ကာဖျူးအမိန့်ကို ည ၁၁ နာရီမှ မနက် ၄ နာရီထိ ခွင့်ပြုမယ့်အကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန Centre for Covid-19 Situation Administration (CCSA) က ဒီကနေ့ထုတ်ပြန်ပါတယ်။  ဖြေလျော့ပေးမယ့်ထဲမှာ ဌာနဆိုင်ရာ (အစိုးရရုံး) ထဲက စားသောက်ဆိုင်၊ ကော်ဖီ ဆိုင်အအေးဆိုင်တွေ ပြန်ဖွင့်ခွင့်၊ ဈေးထဲမှာရောင်းဖို့ ထုတ်လုပ်နေတဲ့ လက်လီလက္ကားဆိုင်၊  အလှအပမွှမ်းမံရေး ဆေးခန်း (သို့သော် မျက်နှာပြုပြင်ခြင်း မပါသေး)၊ တဦးနှင့်တဦး ထိတွေ့မှုမရှိသော အားကစားရုံ၊ ကိုယ်အလေးချိန်လျော့ချသော လေ့ကျင့်ခန်းရုံ၊ ရေကူးကန် (သို့သော် လူအရေအတွက်ကန့်သတ်ရန်)၊ စာကြည့်တိုက်၊ ရှူတင်ရိုက်ကူးရေး စတာတွေ ပါဝင်တယ်လို့ CCSA ပြောခွင့်ရ ဒေါက်တာ ထဝီးဆင် ဝိဆနုယိုးထင်းက ပြောပါတယ်။  ကုန်တိုက်ကြီးတွေ ပြန်ဖွင့်မယ်ဆိုပေမယ့် ဖွင့်ချိန်နဲ့ ပိတ်ချိန်ကိုတော့ ထပ်မံကြေညာ ပေးမယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူဦးရေ လျော့နည်းလာတဲ့အတွက် ထိုင်းအစိုးရက ပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျော့ပေးရာမှာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း ပိတ်ထားတဲ့ စည်ပင်သာယာဈေး၊ လေဟာပြင်ဈေး၊ ရေပေါ်ဈေး၊ ရပ်ကွက်ဈေး၊ လမ်းဘေးဈေးသည်၊ စားသောက်ဆိုင်၊ စူပါမာ့ကက်တွေကို ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။   ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး မေ ၁၅ ရက်မှာတော့ နောက်ထပ်ကူးစက်ခံရသူ ၇ ဦး တွေ့ရှိတာကြောင့် စုစုပေါင်း ၃၀၂၅ ဦး ရှိသွားပြီဖြစ်ပါတယ်။ သက်သာပျောက်ကင်းသူ ၂၈၅၄ ဦးရှိပြီး လက်ရှိဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၁၁၅ ဦးရှိကာ သေဆုံးသူ ၅၆ ဦးရှိခဲ့ပါတယ်။  ဒီကနေ့ နောက်ထပ်တွေ့တဲ့ လူနာသစ် ၇ ဦးမှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ပါကစ္စ တန်နိုင်ငံကနေ ပြန်လာပြီး အစိုးရက သတ်မှတ်ပေးထားတဲ့ Quarantine စောင့်ကြည့်ရေးစခန်း ဝင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up