မွန်ပြည်နယ် ရေလုပ်ငန်းများ စရိတ်ပြန်မရသည်အထိ အရှုံးပေါ်နေ
DVB
·
May 15, 2020
COVID-19 ကပ်ဘေးအကျပ်အတည်း ကာလမှာ ကမ်းနီး၊ ကမ်းဝေးက ရေလုပ်ငန်းတွေ အနေနဲ့ စရိတ်ပြန်မရတဲ့အထိ အရှုံးပေါ်နေကြတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။
မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကိုတော့ တရုတ်၊ မလေးရှားအပါအဝင် စင်ကာပူနိုင်ငံတွေကို အဓိက တင်ပို့နေပြီး တရုတ်စျေးကွက် တခုတည်းကို ၈၅ ရာခိုင်နှုန်းလောက် မှီခိုနေပါတယ်။
ဒါကြောင့် ကပ်ဘေးကာလ တရုတ်နိုင်ငံက ငါးအဝယ်နည်းပါးလာမှုနဲ့အတူ ထွက်ရှိနေတဲ့ ငါးတွေဟာ စျေးနှုန်း ၃ ဆ လောက် ကျဆင်းလာတဲ့အတွက်ကြောင့် ရေလုပ်ငန်းတွေအနေနဲ့ စရိတ်ပြန်မရတဲ့အထိ အရှုံးပေါ်နေကြတာလို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံက ငါးအဝယ်နည်းပါးလာမှုနဲ့အတူ အရင်က ၁ ပိဿာ ကျပ် ၆၀၀၀ လောက်နဲ့ ရောင်းချနေတဲ့ ငါးတွေဟာ အခုအခါမှာတော့ ၁ ပိသာကို ကျပ် ၂၀၀၀ လောက်နဲ့ ရောင်းချနေရတာပါ။
ဒါအပြင် မော်လမြိုင် ငါးစျေးကွက်မှာလည်း နယ်ဘက်တွေက အဝယ်ပါးလာလို့ သိုလှောင်ငါးတွေ ပုပ်ပြီး အရှုံးပေါ်နေကြတယ်လို့ ငါးဒိုင်လုပ်ငန်းရှင် ဦးဘတင်က ပြောပါတယ်။
တရုတ်နိုင်ငံက ငါးအဝယ်နည်းလာတဲ့အတွက်ကြောင့် ကမ်းနီး၊ ကမ်းဝေးက ထွက်ရှိတဲ့ ငါးတွေကို ပြည်တွင်း စျေးကွက်ထဲကို အဝင်များပြီး အထွက်မရှိလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ ငါးလုပ်ငန်းရှင် ဒေါ်အာလူးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ငါးတွေကို မေလ ၁ ရက်ကစပြီး ပြန်လည် ဝယ်ယူနေပေမယ့် စီးပွားရေးလုပ်ငန်းသုံး ငါးတွေကို ဝယ်ယူခြင်း မရှိသေးပါဘူး။ အဲလို အခြေအနေတွေကြောင့် ငါး တန်ချိန် ရာနဲ့ချီပြီး အအေးခန်းတွေထဲမှာ ပိတ်မိနေတဲ့အပြင် ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းထားရပါတယ်။
သတင်း - ဇော်လွင်ထွဋ်