မြန်မာပြည်ဝင်လာမည့် နိုင်ငံခြားသားခရီးသွားများကို မေလကုန်အထိ ဆက်ပိတ်ထား
DVB
·
May 15, 2020
ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမယ့် နိုင်ငံခြားခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်တွေကို လာမယ့် မေလ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ ကြေညာပါတယ်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအမံတွေကို ပိုမို ထိရောက်စွာ ဆောက်ရွက်နိုင်ရေး ရှေးရှုပြီး မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ မေလ ၁၅ ရက်အထိကန့်သတ်ချက်တွေကို မေလကုန် ၃၁ ရက်အထိ ထပ်တိုးလိုက်တာပါ။
ဆက်လက်ကန့်သတ်ချက်တွေထဲမှာ ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာထုတ်ပေးတာ၊ ဗီဇာကင်းလွတ်ခွင့်ပေးတာ၊ လူမူရေးဗီဇာထုတ်ပေးတာ အပါအဝင် မည်သည့် ဗီဇာအမျိုးအစားကိုမှ ထုတ်မပေးဖို့တွေ ပါဝင်ပါတယ်။
ခြွင်းချက်အနေနဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စကြောင့် ဖြစ်စေ၊ သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဝန်ထမ်းတွေ အပါအဝင် နိုင်ခြားသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပျံသန်းမယ့် ကယ်ဆယ်ရေးလေယာဉ် (သို့) အထူးလေယာဉ် နဲ့လာဖို့ရှိပါက ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ရဖို့ အနီးဆုံး မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသည်တွေအားလုံးအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို မပျက်မကွက်လိုက်နာရမယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်တာကိုလည်း ယာယီကန့်သတ်တဲ့ ကာလကိုလည်း မေလ ၃၁ ရက် ည ၁၂ နာရီအထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။
COVID-19 ကပ်ဘေးကာလမှာ နိုင်ငံခြားသားခရီးသွားတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ထားသလို နိုင်ငံတကာလေကြောင်းလိုင်းတွေလည်း ပျံသန်းဆင်းသက်ခွင့် မပေးတော့တဲ့ အတွက် မြန်မာပြည်တွင်းမှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်မှုရှိ နေပါတယ်။