ထိုင်းဗီဇာတံဆိပ်တုံးအတုပြုလုပ်သူ မြန်မာ ၁ ဦး ဖမ်းဆီးခံရ
DVB
·
May 15, 2020
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလဝက ဗီဇာတံဆိပ်တုံးအတု ထုပေးနေတဲ့ မြန်မာ ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ Thailandreport သတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ရဖို့ ထိုင်းလဝကတံဆိပ်တုံးတု အသုံးပြုမှုတွေရှိနေကြောင်း သိရှိရတဲ့အတွက် ထိုင်းစ သုံးလုံးရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို မေ ၁၃ ရက်မနက်က ဖမ်းဆီးခဲ့တယ်လို့ စူရတ်ဌာနီခရိုင် လဝက ရဲမှူးချုပ် ဆူဖလိုတ်ဖန်းကိုးဆွန်က ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ထိုင်းလဝက ဗီဇာသက်တမ်းတိုးဖို့ တံဆိပ်တုံးထုလိုပါက စူရတ်ဌာနီမြို့ရှိ ပိုစတာနဲ့ ကတ်မျိုးမျိုးလုပ်ပေးတဲ့ ကွန်ပြူတာဆိုင်တစ်ဆိုင်မှာ ဆက်သွယ်နိုင်ကြောင်း စုံစမ်းသိရတဲ့အတွက် တာဝန်ရှိသူတွေက အရပ်သားအသွင်နဲ့ ဝင်ရောက်ပြီး အသက် ၃၅ နှစ်ရွယ်ရှိ ကျော်ခိုင်သူဆိုသူ မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးလိုက်တာပါ။
အဆိုပါ သက်သေခံပစ္စည်းတွေမှာ ဆမွတ်ဆာခွန်းလဝကရဲတပ်ဖွဲ့တံဆိပ်၊ ထိုင်းမှာ နေထိုင်ခွင့်သက်တမ်း ရက်စွဲပါ တံဆိပ်တုံး၊ ကျော်ခိုင်သူရဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ မြင့်ထွန်း အမည်ပါ မြန်မာနိုင်ငံကူးလက်မှတ်၊ ဒေါ်သိန်း အမည်ပါ မြန်မာနိုင်ငံ ကူးလက်မှတ်နဲ့ ရက်ပေါင်း ၉၀ ထက်ကျော်လွန်တဲ့ နေထိုင်ခွင့်သက်တမ်းကုန် သတိပေးစာရွက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ကျော်ခိုင်သူကို စူရတ်ဌာနီရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အများပြည်သူ နစ်နာဆုံးရှုံးစေမယ့် စာရွက်စာတမ်းတုပမှု၊ အစိုးရ ဌာနဆိုင်ရာတံဆိပ်တုပမှု၊ အလွဲသုံး စားပြုမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။
Source: Thailand report news