A d v e r t i s e m e n t With Us

နာရီပိုင်းအတွင်း ကြည့်ရှုသူသိန်းချီရှိနေသည့် ပေါ့ပ်စတား ကေတီပယ်ရီသီချင်းသစ်-Daisies(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ပေါ့ပ်စတား အဆိုတော် ကေတီပယ်ရီရဲ့ နောက်ထွက်မယ့် တေးအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းသစ်တပုဒ်ဖြစ်တဲ့ Daisies ကို ဒီကနေ့ စတင်ဖြန့်ချိလိုက်ပါတယ်။ ဒါဟာ  အယ်လ်ဘမ်သစ်ထဲမှာ ပါဝင်မယ့် သီချင်းတွေအနေနဲ့ အရင်ထွက်ရှိခဲ့ပြီး ဖြစ်တဲ့ "Never Worn White"၊ "Harleys in Hawaii"နဲ့ "Small Talk" သီချင်းတွေ ရဲ့နောက် အသစ်ထွက်ရှိလာခဲ့တာပါ။ ၅ ချပ်မြောက်ထွက်ရှိလာမယ့် အဲဒီအယ်လ်ဘမ်ရဲ့ နာမည်ကိုတော့ ‌ဖော်ပြထားခြင်း မရှိသေးဘဲ လာမယ့် ဩဂုတ် ၁၄ ရက်နေ့မှာ Capitol Records ကနေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ မိသားစုဘဝအခြေအနေကြား ဖြတ်သန်းခဲ့ရတဲ့ ကေတီပယ်ရီရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ကိုတော့ သူ့နာမည် “Katy Hudson” အမည်နဲ့ထွက်ရှိခဲ့တာပါ။ အဲ ဒီနောက်မှာတော့ သူ့ရဲ့ နာမည်ကြီး တကိုယ်တော်တေးအယ်လ်ဘမ်တွေဖြစ်တဲ့ One of the Boys (2008) ၊ Teenage Dream (2010, reissued in 2012 as Teenage Dream: The Complete Confection) ၊ Prism (2013) ၊ Witness (2017) စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့တာပါ။ ဆယ်ကျော်သက်ဘဝကတည်းက ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ ကေတီပယ်ရီရဲ့ သီချင်းပေါင်းများစွာဟာ ထူးခြားဆန်းသစ်တဲ့ သီဆိုဟန်၊ ရိုက်ချက်တွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး “Teenage Dream” ၊ “Firework” ၊ “E.T.”(featuring Kanye West) ၊ “Last Friday Night (T.G.I.F.)” ၊ “The One That Got Away” ၊ “Part of Me” ၊ “Roar” ၊ “Dark Horse”(featuring Juicy J) သီချင်းတွေဟာ ထင်ရှားပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ်မှာတော့ ဗြိတိန်ဟာသသရုပ်ဆောင်မင်းသား Russell Brand နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ လတ်တလောမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက တွဲနေခဲ့တဲ့ ဗြိတိန်သရုပ်ဆောင် မင်းသား အော်လန်ဒိုဘလွန်းနဲ့ စေ့စပ်ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ ကေတီပယ်ရီဟာ အော်လန်ဒိုဘလွန်းနဲ့ရတဲ့ ကိုယ်ဝန်ရှိ နေပြီဖြစ်ကြောင်း သီချင်းသစ်တပုဒ်ထဲမှာ ဖော်ပြခဲ့တာပါ။ “Never Worn White” လို့ အမည်ရတဲ့ အဲဒီသီချင်းထဲမှာတော့ ကေတီပယ်ရီကို အဖြူရောင်ဝတ်စုံနဲ့ ကိုယ်ဝန်လွယ်ထားခဲ့ပြီး သရုပ်ဆောင်ထားတာကို မြင်တွေ့ကြရမှာပါ။ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကေတီပယ်ရီဟာ ဂရမ်မီဆု ၁၃ ဆုအပါအဝင် တေးဂီတထူးချွန်ဆုပေါင်း ရာနဲ့ချီ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့  အသစ်ထွက်ရှိလာတဲ့ သူ့ရဲ့ “Daisies” သီချင်းဟာ ထွက်ရှိပြီး ၂ နာရီအတွင်းမှာပဲ ယူကျုဘ်ပေါ် ကြည့်ရှုသူ ၅ သိန်းနီးပါးရှိနေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up