ဧရာဝတီတိုင်းတွင် ပြည်သူများ Maskတပ်ရန် "ယခုဝယ်၊ ယခုတပ်"စနစ်ဖြင့် လုပ်ဆောင်မည်
DVB
·
May 15, 2020
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးနဲ့ မဖြစ်မနေ အပြင်ထွက်မယ်ဆို Mask တပ်ပြီးထွက်ကြဖို့ တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ နေအိမ်ပြင်ပသွားလာရင် Mask တပ်ပြီးသွားလာဖို့အတွက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ရဲ့ လက်မှတ်နဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။
Mask တပ်ဖို့ မေ ၁၄ ရက်က ထုတ်ပြန်လိုက်တဲ့ အမိန့်မှာတော့ ပြည်သူတွေ နေအိမ်ပြင်ပသွားလာရင် Mask တပ်ဖို့ကို မေလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ၅ ရက်ကို အသိပညာပေးကာလ အဖြစ်သတ်မှတ်ထားပြီး Mask တပ်ဖို့အသိပညာပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
မေ ၂၁ ရက်နေ့ကစတင်ကာ ပြည်သူတွေ နေအိမ်ပြင်ပထွက်ခွာလို့ Mask တပ်ဆင် အသုံးမပြုဘဲ သွားလာနေတာတွေ့ရင် စည်ကမ်းထိန်းသိမ်းရေးအဖွဲ့က Mask ၃ ခုကို ၃ ကျပ် ၃၀၀၀ နှုန်းနဲ့ "ယခုဝယ်၊ ယခုတပ်"စနစ်နဲ့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ယခုလက်ရှိအချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမယ့် ဧပြီမှ မေလ ၁၂ ရက်အထိ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံက အလုပ်လုပ်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀၀ နီးပါးကို သက်ဆိုင်ရာ မြို့နယ်အလိုက် စောင့်ကြည့် စင်တာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)