Live
Home
မြန်မာသတင်း
လှိုင်သာယာတွင် စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားကို ဓားဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသား ၂ ဦး ဖမ်းဆီးခံရ
DVB
·
May 15, 2020
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်မှာ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။  မေလ ၁၁ ရက် ညနေ ၃ နာရီလောက်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာ  ဦးထွန်းညိုလမ်းမဘေးမှာ ရပ်ထားတဲ့ကားတစီးပေါ်မှာ တရုတ်နိုင်ငံသား ရန်ဘန်ချွာအိုအား ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့  သောင်ကြီးနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းစစ်ဆေးခဲ့ရာမှာ စုံစမ်းစစ်ဆေးချက်နဲ့ သတင်းပေးချက်အရ မှုခင်းဖြစ်ပွားရာနေရာမှာ ယာဉ်တိုက်ခံရတယ်လို့ ဟန်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်း တတ်သူတွေက ကျူးလွန်ခဲ့တာ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာမှာ  မေလ ၁၃ ရက် ညနေက ၃ နာရီခွဲလောက်မှာ  ရဲကိုကိုဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ရဲကိုကိုက ဝန်ခံထွက်ဆိုပြီး သူ့ထံက  ပြစ်မှု ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓားနဲ့ အဝတ်အစားတွေ သေဆုံးသူထံမှ လုယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် ခြောက်ရွက်နဲ့ ငွေကျပ် ၂၃၀၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ သူနဲ့အတူပြစ်မှုကျူးလွန်ခဲ့သူ ဟန်ဝင်းထွန်း(ခ) ငပွေးကိုလည်း မေလ ၁၃ ရက်  ည ၁၀ နာရီ ၁၅ မိနစ်မှာ တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာမှာ ပြစ်မှုကျူးလွန်ရာစဉ်  အသုံးပြုခဲ့တဲ့ ဆိုင်ကယ်တစ်စီး၊ အဝတ်အစားတွေနဲ့ သေဆုံးသူထံမှ လုယူသွားတဲ့ တရုတ်ယွမ်ငွေတချို့နဲ့ မြန်မာငွေကျပ် ၈၇၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ရေးပါတယ်။ အဆိုပါတရုတ်နိုင်ငံသားဟာ ရွှေလင်ပန်း စက်မှုဇုန်အကွက် ၂၂ မှာရှိတဲ့ Myanmar Golden Forever စက်ရုံပိုင်ရှင်ဖြစ်ပြီး ရင်ညွန့်မှာ ၁ ချက်၊ ဝဲနဲ့ ယာဘေး နံကြားမှာ ၁ ချက်စီ  ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အသတ်မခံရခင်မှာ သူမောင်းလာတဲ့ကားနောက်ကို ဆိုင်ကယ်နဲ့လူတချို့လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ရုပ်သံဗွီဒီယိုတခုလည်း  ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံ- ကြေးမုံ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024