ထိုင်းနိုင်ငံထဲ  တရားမဝင်ပြန်ဝင်လာသည့် ထိုင်းနိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံရ 

ဓာတ်ပုံ-အမ်ဂျီအာရ်အွန်လိုင်းဒေါ့ကွန်း
ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ မလေးရှားနယ်စပ်ကနေ တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံရတယ်လို့ မေ ၁၄ ရက် မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ထိုင်းနိုင်ငံမှာ COVID-19 ရောဂါထိန်းချုပ်တဲ့ အနေနဲ့ ထိုင်းအစိုးရက နယ်စပ်အဝင်အထွက်ဂိတ်တွေ ပိတ်ထားပြီး နိုင်ငံခြားကနေ ပြန်ဝင်လာသူတွေအနေနဲ့ တရားဝင် လမ်းကြောင်းကနေသာပြန်ဝင်ဖို့ ၊ ဝင်လာတဲ့အခါမှာ  ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေ လိုက်နာရမယ်လို့ ထုတ်ပြန်ထား ပါတယ်။  ဒါပေမယ့်လည်း ဆဒွန်းခရိုင် ဆဒွန်းမြို့နယ်ထဲမှာတော့ မလေးရှားဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၂၄ ဦးရှိတယ်လို့  လောလောဆယ် နယ်မြေထဲကွင်းဆင်းစစ်ဆေးဆောင်ရွက်နေတဲ့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ချွန်းဆစ် ဝပ်ထနားရန်ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါ ထိုင်းနိုင်ငံသား ၂၄ ဦးမှာ မလေးရှားမှာ ရာဘာခြံလုပ်ငန်းနဲ့ ငါးဖမ်းလှေ တွေပေါ်မှာ အလုပ်သွားလုပ်တာဖြစ်ပြီး ဗီဇာသက်တမ်းလွန်နေတာက တကြောင်း ၊ အရေးယူခံရမယ့်အပြင် ၁၄ ရက် စောင့်ကြည့်ခံ quarantine  မနေလိုတာကြောင့် တံငါလှေငယ်တွေစီးပြီး ခိုးဝင်လာကြတာလို့ ဆိုပါတယ်။ မလေးရှားနယ်စပ်ကနေ တရားဝင်ပြန်ဝင်ရောက်လာမယ့်သူတွေအတွက်တော့ ထိုင်းတောင်ပိုင်း ပကျုတ်ခီရီခန်ခရိုင်ခွမ်ဒွန်းမြို့နယ်နဲ့ ဆဒွန်းမြို့နယ်ရှိ နယ်စပ်အဝင်အထွက်ဂိတ် နှစ်ခုကို တနေ့လျှင် အယောက် ၅၀ ထက်မပိုစေဘဲ ခွင့်ပြုထားပါတယ်။  ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19  ကူးစက်ခံရသူပေါင်း ၃၀၁၈ ဦးရှိပြီး အဲဒီထဲမှာ မလေးရှားနိုင်ငံက ပြန်လာသူပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up