A d v e r t i s e m e n t With Us

တရုတ် ကြက်ငှက်တုပ်ကွေး လူကို အလွယ်တကူ ကူးစက်နိုင်ဟုဆို

တရုတ်ပြည်မှာ လူ ၂၃ ယောက် သေဆုံးခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်မျိုးစိတ်အသစ်ဟာ ၂၀၀၃ ခုနှစ်တုန်းက တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်နဲ့ နှိုင်းယှဉ်ရင် လူကို အလွယ်တကူ ကူးစက်နိုင်လို့ အန္တရာယ်အရှိဆုံး ရောဂါတွေထဲက တမျိုးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ မတ်လက စလို့ တရုတ်ပြည်မှာ H7N9 ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို စတင် တွေ့ခဲ့ရပြီး အခုအထိ  ကူးစက်ခံရသူ ၁၀၈ ယောက် ရှိလာတယ်လို့  ဂျီနီဗာအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အခုတွေ့ရတဲ့ H7N9 ဗိုင်းရပ်စ်ဟာ ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့တဲ့ H5N1 ထက် အန္တရာယ် ပိုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။  တရုတ်ပြည်မှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ အထိ H5N1 ရောဂါ ဖြစ်ပွားသူ ၄၅ ယောက် ရှိခဲ့ပြီး အဲဒီအထဲက ၃၀ က သေဆုံးသွားပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် H5N1 ရောဂါနဲ့ သေဆုံးသူ ၃၇၁ ယောက်ရှိခဲ့ပါတယ်။ အခုတွေ့ရှိရတဲ့ H7N9 ဗိုင်းရပ်စ်အသစ်ဟာ ကြက်ငှက်တွေကနေ လူတွေကို ကူးစက်တဲ့ နေရာမှာ H5N1 ထက် ပိုပြီး လွယ်ကူတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ စမ်းသပ်မှုတွေအရ ဒီဗိုင်းရပ်စ်အသစ်ဟာ နေရာပြောင်းလာတဲ့ ငှက်တွေမှာ မတွေ့ရဘဲ ဈေးကွက်ထဲက ကြက်သား၊ ဘဲသားနဲ့ ငုံးသားတွေမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရောဂါနဲ့ ပတ်သက်လို့ စမ်းသပ်ဖော်ထုတ်နေတဲ့ ကာလ၊ အပြည့်အ၀ ထိန်းချုပ်နိုင်အောင် ကြိုးစားနေတဲ့ ကြားကာလမှာ ကူးစက်မှုတွေ ကျယ်ပြန့်လာနိုင်ချေရှိတာကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ တရုတ်ပြည်မှာ H7N9 ဗိုင်းရပ်စ်ကို မတ်လ နှောင်းပိုင်းမှာ စတင်တွေ့ရှိခဲ့ပြီး အခုအချိန်အထိ ရှန်ဟိုင်းနဲ့ တရုတ်ပြည်က ပြည်နယ် ၅ ခုမှာ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up