Home
မြန်မာသတင်း
ချောက်မြို့ဆေးရုံတွင် Heat stroke ကြောင့် ကလေးငယ် ၁ ဦး ဆေးကုသမှုခံယူနေ
DVB
·
May 14, 2020
မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့ခုတင် ၅၀ ပြည်သူဆေးရုံမှာ Heat stroke အပူဒဏ်သင့် လူနာ ကလေးငယ်တစ်ဦး မနေ့က ညပိုင်းက ကုသမှုခံယူနေတယ်လို့  မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။ Heat Stroke ကြောင့်ဆေးကုသမှုခံယူနေတဲ့ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်ဟာ မနေ့ညက အဖျား ၁၀၆ ဒီဂရီ ရှိနေရာက ဒီကနေ့မနက်မှာ ၁၀၁ ဒီဂရီ ကျပြီးသက်သာလာပြီလို့လည်း  ဆိုပါတယ်။ “အရမ်းဖျားတယ်၊ အရေပြားတွေခြောက်သွေ့နေပြီး ချွေးမထွက်ဘူးဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးပြစေချင်တယ်။ ပိုက်ဆံမရှိဘူးဆိုပြီးလည်းမနေနဲ့ ကျန်တဲ့ဆေးခန်းဆိုတာ ပိုက်ဆံရှိမှ သွားလို့ရပေမဲ့ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပိုက်ဆံ ပါတာ မပါတာထက် လူလာဖို့က အရေးကြီးတယ်၊ လူလာရင် ကုပေးမယ်” လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ မနှစ်က ချောက်မြို့အပူချိန် စံချိန်တင်ပြီးနောက်မှာ Heat Stroke အပူဒဏ်သင့် ရောဂါကြောင့် ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူအားလုံးဟာ  ဆေးရုံအရောက် နောက်ကျခဲ့လို့ ဖြစ်ပါတယ်။ မြို့နယ်ကျန်မာရေးဦးစီးဌာနကလည်း မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းရေမချိုးကြဖို့  အသိပေးတားမြစ်ထားပါတယ်။ ချောက်မြို့မှာ ၂၀၁၉ ခုနှစ် မေလ ၉ ရက်က အပူချိန် စံချိန် 47.1°စင်တီဂရိတ်နဲ့ စံချိန်သစ်တင်ခဲ့ပြီးနောက် အခုနှစ် မေလ ၈ ရက်ကလည်း အပူချိန် စံချိန်သစ် 47.5°အထိ ဆက်လက်မြင့်တက်လာသလို ခုရက်ပိုင်းမှာလည်း နေစဉ်အပူချိန် 45° နဲ့ အထက်အမြဲရှိနေ ပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024