အင်္ဂလိပ် ပရီးမီယားလိဂ်က နာမည်ကြီး မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ဂန္ထ၀င်ဘောလုံးသမားတွေ မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
တချိန်က မန်ယူအသင်းမှာ ကျော်ကြားခဲ့ဖူးတဲ့ ဂန္တ၀င်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ နောက်ခံလူ ဒင်းနစ်အာဝင်၊ ရှေ့တန်းတိုက်စစ်မှူး အင်ဒီကိုးလ်၊ ကွင်းလယ်ကစားသမား ကလေတန်ဘလက်မိုးနဲ့ လီရှပ်တို့ ၄ ဦးဟာ လာမယ့် ဇွန် ၉ ရက်နေ့ ညနေ ၄ နာရီမှာ ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ခြေစမ်းပွဲ ကစားကြမှာ ဖြစ်ပါတယ်။

မန်ယူကစားသမားဟောင်းတွေဟာ မြန်မာလက်ရွေးစင် ဘောလုံးသမားဟောင်းတွေနဲ့ အတူ တဖက် ၂ ယောက်ခွဲစီ ခွဲပြီး ပူးတွဲကစားကြမှာလည်း ဖြစ်ပါတယ်။
ဒီခြေစမ်းပွဲ စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မီဒီယာဒါရိုက်တာ ဦးစိုးမိုးက “လာဖြစ်ပုံကတော့ အေအီးအေဆိုတဲ့ ဘောလုံးအသင်းတွေကို နိုင်ငံတကာဆီ တာဝန်ယူဖိတ်တဲ့ ကုမ္ပဏီရှိတယ်။ အဲဒီ ကုမ္ပဏီအကြီးအကဲက မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို မြန်မာပြည်မှာ ရန်ပုံငွေပွဲလေး ကန်ချင်တယ်ဆိုပြီး ကမ်းလှမ်းတာ ဦးဇော်ဇော်က သဘောတူတယ်ဆိုပြီး သူ့ရဲ့ဧရာဝတီဖောင်ဒေးရှင်းနဲ့ တခြားစပွန်ဆာတွေနဲ့ ကုန်ကျခံပြီးခေါ်တာ” လို့ ပြောပါတယ်။
ဒီရန်ပုံငွေ ခြေစမ်းပွဲကနေ ရရှိတဲ့ ကွင်းဝင်ကြေးတွေကို ဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ အိပ်ခ်ျအိုင်ဗွီအရေး အပါအ၀င် တခြားလိုအပ်တဲ့ ပရဟိတလုပ်ငန်းတွေကို ပေးအပ် လှူဒါန်းသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။
ခြေစမ်းပွဲကစားမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး မနက်ဖြန်ညနေ ၄ နာရီမှာ ပတ်ခ်ရွိင်ရယ်ဟိုတယ်မှာ ဒင်းနစ်အာဝင်နဲ့ ကလေတန်ဘလက်မိုးတို့ ကိုယ်တိုင် ရန်ကုန် လာရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ် ရှိပါတယ်။
မန်ယူအသင်းက ကမ္ဘာကျော် ကစားသမားဟောင်းတွေ မြန်မာနိုင်ငံ လာရောက် ကစားတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။