စီဒီအမ်အေ ဆင်းကတ် ၁ သန်း အဆင်သင့်ရှိ
DVB
·
April 25, 2013
လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ ဆိုပါတယ်။
လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ် ၁ သန်းကို ၃ လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူက ပြောပါတယ်။
လက်ရှိ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့် ၀ယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအထိ ဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။