အိန္ဒိယက ပြန်လာသည့် စာသင်သံဃာနှင့် သီလရှင်များ quarantine ၂၁ ရက် ပြည့်
DVB
·
May 13, 2020
အိန္ဒိယနိုင်ငံက ပြန်လည် ရောက်ရှိလာတဲ့ စာသင် သံဃာတော်တွေ၊ သီလရှင် ဆရာလေးတွေ နဲ့ ပိတ်မိတဲ့သူတွေကို အသွားလာကန့်သတ် ကျန်းမာရေး စောင့်ကြည့်ထားတာ ၂၁ ရက် ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ပြန်လာတဲ့ စာသင်သား သံဃာ ၊ သီလရှင် စုစုပေါင်း ၂၀၀ ကျော် နဲ့ လူပုဂ္ဂိုလ် ၄၀ ကျော် ပြန်လာတဲ့ အထဲမှာ လူပုဂ္ဂိုလ် တစ်ဦးမှာပဲ ရောဂါးပိုး တွေ့ရှိခဲ့ပါတယ်။
စာသင် သံဃာတော်တွေ၊ သီလရှင် ဆရာလေးတွေနဲ့ ပိတ်မိတဲ့သူတွေကို ဧပြီလ ၂၂ ရက်နေ့မှာ စီးလုံးငှားလေယာဉ်နှစ်စီးနဲ့ ပြန်လည်ခေါ်ယူပြီး စစ်ကိုင်းမြို့ကို ရောက်ရှိခဲ့တာပါ။ အဲဒီနောက် အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တို့မှာ ၂၁ ရက်တာ ကျန်းမာရေးစောင့်ကြည့်ခဲ့တာပါ။
Quarantine ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် အားလုံး မေလ ၁၄ ရက်နေ့မှာ နေရပ်ပြန်ကြမှာဖြစ်ပါတယ်။ မပြန်ခင် ဒီကနေ့ညမှာ သီတဂူဆရာတော်ဘုရားကြီးကို ကန်တော့မှာ ဖြစ်သလို ဆရာတော်ကြီးက နဝကမ္မငွေ လှူတာတွေ လုပ်ဆောင်မယ်လို့ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ် အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာသုန္ဒရက မိန့်ပါတယ်။
ဒါ့အပြင် သီရိလင်္ကာနိုင်ငံက သံဃာတော်တွေ၊ သီလရှင်ဆရာလေးတွေနဲ့ လူပုဂ္ဂိုလ်တွေ ကိုလည်း ပြန်လည်ခေါ်ယူသွားဖို့ရှိပါတယ်။