ရုရှားတွင် ကိုဗစ်လူနာများကို ကုသပေးနေသည့်ဆေးရုံရှိ အသက်ရှူအားကူစက် မီးလောင် လူနာ ၅ ဦးသေဆုံး 

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ COVID-19 လူနာ ၂၀ ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတဲ့ အသက်ရှူအားကူစက် ဝန်ပိုမနိုင်ဖြစ်ပြီး မေ ၁၂ ရက်မနက်မှာ မီးလောင်လို့ လူနာ ၅ ဦး သေဆုံးပါတယ်။ ဒါကြောင့် ဆေးရုံ ၂ ရုံမှာ သုံးနေတဲ့ အသက်ရှူအားကူစက်တွေရဲ့ ဘေးကင်းမှုကို စုံစမ်း စစ်ဆေးမယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ သီတင်းပတ်တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံမှာ ဒုတိယမြောက် မီးလောင်မှုပါ။ စနေနေ့က မော်စကို ဆေးရုံမီးလောင်မှုကြောင့် လူတယောက် သေဆုံးပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ကြီးကြပ်စစ်ဆေးတဲ့ ပြည်ထောင်စုဌာနက ဆေးရုံ ၂ ရုံစလုံးက အသက်ရှူအားကူစက်တွေ ဘေးကင်းရေးနဲ့ အရည်အသွေးကို စစ်ဆေးမယ်လို့ ပြောတဲ့အကြောင်း RIA သတင်းဌာနမှာ ဖော်ပြပါတယ်။ အဆိုပါ မီးလောင်မှုကို ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသူတွေက အမှုဖွင့်ထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ကူးစက်ဖြစ်ပွားချိန်ကတည်းက ရုရှားဟာ အသက်ရှူအားကူစက်တွေ ကောင်းကောင်းစုဆောင်းထားပြီး ပြည်တွင်းထုတ်လုပ်မှုလည်း တိုးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းအချက်အလက်တွေ၊ ပညာရှင်တွေနဲ့ တခြား ဆေးဘက်ဝန်ထမ်းတွေကတော့ မြို့ကြီးတွေအပြင်က စက်တွေ အများအပြားက အိုဟောင်းနေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ စိန့်ပီတာစဘတ်ဆေးရုံမှာ မီးလောင်တဲ့ အသက်ရှူအားကူစက်ကတော့ အသစ်ဖြစ်ပြီး ဒီလမှ တပ်ဆင်ထားတာလို့ ရုရှားမီဒီယာ TASS က ရေးပါတယ်။ နာတာရှည်ဆေးရုံပိုင်ရှင်ကိုတော့ ရဲတွေက ဖမ်းထားပြီးပါပြီ။ ရုရှားမှာ မေ ၁၂ ရက်အထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာအရေအတွက် ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ဖြစ်လာပြီး ကူးစက်ခံ ဦးရေ ၂၃၂,၂၄၃ ယောက် ရှိပါတယ်။ ဗိုင်းရပ်စပ်  ကူးစက်ခံ လူနာတွေထဲက  ၂၁၁၆ ယောက် သေဆုံးခဲ့ပြီးပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up