၂၀၁၃ ခုနှစ် ဓမ္မစရိယနဲ့ ပထမပြန်စာမေးပွဲတွေကို ယာယီရွှေ့ဆိုင်းထားရာက မေလဆန်းကျရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ တချိန်တည်း တပြိုင်တည်း ကျင်းပမယ်လို့ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြေညာပါတယ်။
ဓမ္မစရိယစာမေးပွဲကို မေလ ၂ ရက်ကနေ ၁၀ ရက်နေ့ထိ၊ ပထမပြန်စာမေးပွဲကို မေ ၈ ရက်ကနေ ၁၄ ရက်အထိ သက်ဆိုင်ရာ စာဖြေဌာနတွေမှာ ပြန်လည်ကျင်းပမယ်လို့ ဆိုပါတယ်။

စာမေးပွဲကျင်းပမယ့် အချိန်စာရင်းကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် သံဃနာယကအဖွဲ့တွေနဲ့ မြို့နယ်သံဃနာယအဖွဲ့တွေထံ ပေးပို့ထားပြီးပြီလို့ ပါရှိပါတယ်။
နဂိုသတ်မှတ်ချက်မှာ ဓမ္မစရိယတန်းဟာ မတ် ၂၉ ရက်နေ့ကနေ ဧပြီ ၆ ရက်နေ့ထိ၊ ဧပြီ ၄ ရက်ကနေ ၁၀ ရက်နေ့ထိက ပထမပြန်စာမေးပွဲ ကျင်းပဖို့ ရှိတာပါ။
ဒီစာမေးပွဲတွေကို အရင်နှစ်တွေက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် မေးခွန်းထုတ် ကျင်းပခဲ့ရာက ဒီနှစ်ကစလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေလို တနိုင်ငံလုံးအတိုင်းအတာနဲ့ တပြိုင်တည်းဖြေဆိုတဲ့စနစ်သစ်နဲ့ စတင်တာဖြစ်ပါတယ်။
ဒါပေမယ့် မိတ္ထီလာမှာ အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပွားပြီး မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် တပြိုင်တည်း မကျင်းပနိုင်လို့ ရက်ရွှေ့ခဲ့တာဖြစ်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဓမ္မစရိယတန်းမှာ စာဖြေဌာန ၅၀ လောက်နဲ့ စာဖြေသံဃာ ၃၀၀၀၀ နီးပါးရှိပြီး ပထမပြန်တန်းမှာ စာဖြေဌာန ၂၃၈ ဌာနနဲ့ စာဖြေသံဃာ ၆၄၀၀၀ ရှိပါတယ်။