မြန်မာနိုင်ငံတွင် COVID-19 ရောဂါကင်းစင်မှ တက္ကသိုလ်၊ ကောလိပ်များ ပြန်ဖွင့်မည်
ဆုဆုသွယ်
·
May 12, 2020
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကင်းစင်မှ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ဖွင့်လှစ်သွားမယ်လို့ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကင်းစင်ပြီး လူစုလူဝေးပြုလုပ်နိုင်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ရရှိမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ဖွင့်လှစ်သွားမယ်လို့ အဆင်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ဒါကြောင့် တကက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆိုတာ COVID-19 အခြေအနေ အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ပထမနှစ်ဝက် တက္ကသိုလ် စာမေးပွဲကို ကျင်းပနေတုန်းကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူတွေ ရှိလာတဲ့အတွက် စာမေးပွဲတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
ဖြေဆိုနေစဉ်မှာ ရပ်ဆိုင်းထားရတဲ့ တက္ကသိုလ်စာမေးပွဲတွေကိုလည်း ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ချိန်မှာစစ်ဆေးသွားမှာဖြစ်ပြီး ကျောင်းသားတွေကိုကြိုတင်အသိပေးသွားမယ်လို့ ဆိုပါတယ်။
COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး အမှန်တကယ် စိတ်ချလို့ ရနိုင်တဲ့အချိန်ကျမှ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်တာကောင်းသလို တဘက်မှာလည်း နိုင်ငံတကာမှာလို အွန်လိုင်းကနေ သင်ကြားမှုနည်းစနစ်တွေကို ပြင်ဆင်ထားသင့်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာများသမဂ္ဂက ကထိက ဦးလှိုင်တင့်က ပြောပါတယ်။
လတ်တလောမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ပိတ်ထားတဲ့အတွက် ဆရာ၊ဆရာမ အများစုဟာ နေအိမ်တွေကနေ Work From Home အလုပ်တာဝန်တွေ လုပ်ကိုင်နေကြရပါတယ်။
ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ ဖွင့်လှစ်နိုင်မယ့်အချိန်ကာလအပေါ်မှာမူတည်ပြီး သင်ခန်းစာတွေကိုအချိန်တိုအတွင်းမှာ ထိရောက်ဆုံးသင်ကြားနိုင်ဖို့ လက်ရှိမှာ ဆရာတွေဘက်ကနေ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။