Home
မြန်မာသတင်း
စည်ပင်ဝန်ဆောင်မှု One Stop Service ပုံစံပြောင်းရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များတိုက်တွန်း 
စိုးမိုးအောင်
·
May 12, 2020
စည်ပင်ဝန်ဆောင်မှုကို အွန်လိုင်းစနစ်နဲ့ပြောင်းလိုက်ပေမယ့် ကြန့်ကြာမှုတွေရှိနေတာကြောင့် ဌာနအားလုံးတနေရာတည်း ဖြေရှင်းနိုင်တဲ့ One Stop Service ပုံစံဖြစ်စေချင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ပြောပါတယ်။  ရန်ကုန်မြို့တော်စည်ပင်သာယရေးကော်မတီအနေနဲ့ COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်တဲ့အခါ ရောဂါကူးစက်မခံရဖို့ YCDC ဝန်ဆောင်မှုလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး အွန်လိုင်းစနစ်နဲ့ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလို့ လုပ်ငန်းတွေရပ်တန့်နေချိန်မှာ ဆက်လက်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးကို အစိုးရအနေနဲ့ ပါမစ်ချတာတွေ၊ လုပ်ပိုင်ခွင့်ချတာတွေကို အမြန်ဆောင်ရွက်ပေးဖို့လိုတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။ လက်ရှိအွန်လိုင်းစနစ်ပြောင်းလဲထားတဲ့အပေါ် အဆောက်အအုံဌာနကနေ ခွင့်ပြုထားတဲ့ အဆောက်အအုံ ၃၀၀လောက်ရှိနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောပါတယ်။ ရန်ကုန်စည်ပင်အနေနဲ့ အွန်လိုင်းစနစ်ပြောင်းလဲပြီးနောက်ပိုင်း အထပ်မြင့်ဆိုရင် ရက်၂၀နဲ့ ပါမစ်အပြီး လုပ်ပေးဖို့သတ်မှတ်ထားသလို အထပ်နိမ့်အဆောက်အအုံကိုလည်း ၃ရက်နဲ့ ပါမစ်ရမယ်လို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ရက်အတွင်းမရကြဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်  ဦးမျိုးမြင့်က ပြောပါတယ်။  COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ အစိုးရအနေနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ခွင့်ပြုမိန့်တွေ အမြန်ဆောင်ရွက်ပေးဖို့၊ တည်ဆောက်ချင်သူတွေကို လွယ်လွယ်ပါမစ်ရအောင် ဆောင်ရွက်ပေးဖို့လည်း အသင်းချုပ်က ထောက်ပြထားပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024