COVID-19 ကာလ ဟင်္သာတခရိုင်တွင် နွေစပါးစျေးတက်သဖြင့် တောင်သူများ စျေးကောင်းရ
DVB
·
May 12, 2020
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းက ဆည်ရည်သောက် နွေစပါး စိုက်မြို့နယ်တွေဖြစ်တဲ့ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့မှာ COVID-19 ကာလအတွင်း နွေစပါး ဈေးနှုန်းမြင့်တက်လာတဲ့အတွက် တောင်သူတွေအရောင်းအဝယ်ဖြစ်ပြီး စျေးကောင်းရနေကြပါတယ်။
အင်္ဂပူမြို့နယ် နွေးစပါးအရောင်းအဝယ်ကုန်သည် အောင်သန်းဌေးက "မနှစ်ကထက် ဒီနှစ် ဈေးကောင်းပါတယ်။ စိုက်ပျိုးသူတွေ အဆင်ပြေတာပေါ့။ အစက ကျပ် ၄ သိန်းဝန်ကျင်ကနေ အခု လက်ရှိ အနေအထားမှာတော့ ၅၁ ပေါင်ကို ကျပ် ၄၇၀၀၀၀ သောင်းလောက် စပြီးဝယ်နေရ တယ်လေ။ စပါးခြောက်ရင်တော့ ၅ သိန်းအပေါ်မှာ ရှိပါတယ်။ ခုစိုက်ပျိုးသူတွေက ပိုအဆင်ပြေနေ တယ်။ ရိတ်သိမ်း ခြွေလွေ့စက်တွေနဲ့ပဲ ရိတ်သိမ်းနေတော့ တောင်သူတွေ ဝန်ကင်းတာပေါ့ဗျာ” လို့ ပြောပါတယ်။
နွေးစပါးကိုအများဆုံး မနောသုခအုပ်စု သက်နုစပါးတွေကို စိုက်ပျိုးကြပြီး တစ်ဧက ကို ၁၁ဝ တင်းထွက်ရှိနေကြတာပါ။
နွေးစပါးတောင်သူတဦးဖြစ်တဲ့ မဲဇလီကုန်းဒေသနေ ဦးငဌေးက "ဒီနှစ်အထွက်နှုန်းလည်း တက်လာတယ်။ ဈေးလည်းကောင်းပြီး အဝယ်လိုက်တော့ အဆင်ပြေပါတယ်။ ရိတ်သိမ်းခကလည်း မိုးထက်နွေးက သက်သာတယ်။ တစ်ဧကို မိုးတွင်းက ၄၅၀၀၀ လောက်ပေးပေမယ့် နွေကြတော့ ရိတ်သိမ်းစက်ပေါပြီး စျေးက ၃၅၀၀၀ ဝန်းကျင်ပဲဆိုတော့ အတော်လေအဆင်ပြေပါတယ်"လို့ ပြောပါတယ်။
လက်ရှိ နွေစပါးစျေးကွက်ဟာ ဒေသတွင်းကုန်သည်များသာဝယ်ယူနေကြပြီး ပြည်ပတင်ပို့ခွင့်ရရင် ဒီထက်ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ သိရပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်၊ ကွန်းချောင်းဆည်တို့ကရေကို ရယူပြီး နှစ်စဉ် နွေစပါး စိုက်ပျိုးနေကြတာပါ။
သတင်း - သန်းထိုက်မြင့်