ပရီးမီးယားလိဂ်ပွဲစဉ် ဇွန်လတွင် ပြန်လည်စတင်ရန် ခွင့်ပြုချက်ရရှိ

COVID-19 ကပ်ဘေးကာလမှာ ရပ်နားထားရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လမှာ ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက လုပ်ဆောင်ချက် ၅ ခုနဲ့ Lockdown ဖြေလျှော့ပေးမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတဲ့ စာမျက်နှာ ၅၀ ပါ လမ်းပြမြေပုံတခုကို မေ ၁၁ ရက် က ထုတ်ပြန်လိုက်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ မြေပုံပါ နံပါတ် ၂ အချက်အရ လူအုပ်စုလိုက် ထိတွေ့မှုဖြစ်စေမယ့် အန္တရာယ်ကို ရှောင်ရှားရင်း ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ အခမ်းအနားတွေကို ထုတ်လွှင့်ပြသခွင့်အတွက် ဇွန် ၁ ရက်နေ့ စတင်ပြီး ခွင့်ပြုပေးလိုက်ပြီလို့ ဖော်ပြထားပါတယ်။  ဒါပေမဲ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းခြင်းမှု လက်ခံနိုင်လောက်တဲ့ အနေအထားမရှိရင် ဇွန် ၁ ရက်နေ့ သတ်မှတ်ချက်ကို နောက်ဆုတ်သွားဖို့ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ် ၉ ရက်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။  လိဂ်မှာရှိတဲ့ ကလပ်အသင်း ၂၀ လုံးဟာ ပြိုင်ပွဲကို ဘေးကင်းစွာနဲ့ ပြန်လည်စတင်နိုင်ရေးအတွက် အချေအတင် ဆွေးနွေးခဲ့ကြပြီး ကလပ်အသင်းတချို့ဟာ ကစားသမားတွေကို တဦးချင်း လေ့ကျင့်ခန်းပြုလုပ်စေဖို့ ခွင့်ပြုပေးထားပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်မှာ ပွဲစဉ်အားလုံးကို တံခါးပိတ်ကျင်းပမှာဖြစ်ပြီး ပရိသတ် တဦးတယောက်မှ လာရောက်အားပေးနိုင်ခြင်းတော့ရှိမှာ မဟုတ်ပါဘူး။ ထုတ်ပြန်ခဲ့တဲ့ လမ်းပြမြေပုံမှာလည်း အားကစားကွင်းတွေနဲ့ လူစုလူဝေးဖြစ်စေတဲ့ နေရာတွေကို ပြန်လည်ဖွင့်လှစ်ပေးခြင်းက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအခြေအနေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက လိဂ်ကို ဇွန် ၁၂ ရက်မှာ ပြန်လည်စတင်ဖို့ ရည်ရွယ်ထားပေမယ့် ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် အသင်း ၁၄ သင်း ပါဝင်တဲ့ အများစုရဲ့ ထောက်ခံချက်ရရှိဖို့ လိုအပ်ပါတယ်။  တင်သွင်းထားတဲ့ အဆိုပြုချက်တွေထဲမှာ လက်ကျန်ပွဲစဉ်တွေကို ကျင်းပဖို့အတွက် ကြားကွင်း ၈ ကွင်းကနေ ၁၀ ကွင်းအထိ အသုံးပြုဖို့လည်း တချက် ပါဝင်နေပါတယ်။ ဒါပေမဲ့ ဝတ်ဖို့ဒ်နဲ့ ‌နော့ဝှစ်ချ် အပါအဝင် ကလပ်အသင်းတချို့တော့ ဒီအဆိုပြုချက်ကို လက်မခံပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up