Homeမြန်မာသတင်း
တရုတ်နိုင်ငံက ငါးအဝယ်နည်းနေသဖြင့် မွန်ပြည်နယ်တွင် ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းရပ်ဆိုင်းထားရ
တရုတ်နိုင်ငံက ငါးအဝယ်နည်းနေသဖြင့် မွန်ပြည်နယ်တွင် ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းရပ်ဆိုင်းထားရ
DVB
·
May 12, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါဘေး အကျပ်အတည်းဟာ ငါးလုပ်ငန်းတွေကိုပါ ရိုက်ခတ်လာနေပြီး တရုတ်နိုင်ငံက ငါးအဝယ်နည်းနေလို့ ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းထားရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကို တရုတ်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံစတဲ့ နိုင်ငံတွေကို အဓိက တင်ပို့နေတာပါ။ အဲလို တင်ပို့ရာမှာ တရုတ်စျေးကွက် တစ်ခုတည်းကို ၈၅ ရာခိုင်နှုန်းလောက် မှီခိုနေပါတယ်။
ဒါပေမယ့် အခုအချိန်အထိ တရုတ်က ငါး အဝယ်နည်းနေသေးလို့ ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်ထားရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ငါးတွေကို မေလ ၁ ရက်ကစပြီး ပြန်လည် ဝယ်ယူနေပေမယ့် စီးပွားရေးလုပ်ငန်းသုံး ငါးတွေကို ဝယ်ယူခြင်း မရှိသေးပါဘူး။ အဲလို အခြေအနေတွေကြောင့် ငါး တန်ချိန် ရာနဲ့ချီပြီး အအေးခန်းတွေထဲမှာ ပိတ်မိနေတာပါ။
တရုတ်ပြည်ကနေ ငါးအဝယ်နည်းနေသေးတဲ့အတွက်ကြောင့် ငါးတန်ဖိုးဟာ အရင်ကထက်စာရင် ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။
အခုလို အခြေအနေတွေကြောင့် ပြည်တွင်း ငါးစျေးကွက်မှာလည်း ငါးအရောင်းအဝယ် အေးနေတယ်လို့ ငါးဒိုင်လုပ်ငန်းရှင် ကိုအောင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မွန်ပြည်နယ်ကနေ နှစ်စဉ် ငါးတန်ချိန် ထောင်နဲ့ချီ ဝယ်ယူနေတာပါ။အဲလို ဝယ်ယူရာမှာ ငါးပုတ်သင်၊ ငါးသလောက်စတဲ့ ငါးတွေကို အဓိကထား ဝယ်ယူနေပါတယ်။
ဒါပေမယ့် အခုနှစ် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ဘေး အကျပ်အတည်းမှာ တရုတ်နိုင်ငံကနေ မြန်မာထွက်ကုန်တွေဖြစ်တဲ့ ဆန်စပါး၊ အသားငါး ပင်လယ်စာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းတွေပါ ဝယ်ယူမှု သိသိသာသာ ကျဆင်းလာနေပါတယ်။
ဇော်လွင်ထွဋ်