ထိုင်းတွင် ဘတ်စ်ကားတိမ်းမှောက်၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး
DVB
·
April 24, 2013
ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ ဘတ်စ်ကားတစီး ပြီးခဲ့တဲ့ညက မတော်တဆ တိမ်းမှောက်သွားတာကြောင့် မြန်မာအလုပ်သမား ၃ ဦးသေဆုံးပြီး တခြားသူ ၅၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
ဒီဘတ်စ်ကားဟာ သင်္ကြန်နှစ်သစ်ကူးပွဲတော်ပိတ်ရက်အပြီး မြ၀တီတဖက်ကမ်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ကို အလုပ်သမားတွေက ငှားပြီး စီးနင်းလိုက်ပါလာတာပါ။ တပ်ခ်မြို့နဲ့ မဲဆောက်မြို့အကြား ကားလမ်းအချိုးအကွေ့တခုမှာ လမ်းချော်တိမ်းမှောက်သွားတာလို့ ရဲက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ မောင်းမြို့က ဆေးရုံတခုမှာ တက်ရောက် ဆေးကုသမှုခံယူနေပြီး ရဲက ဘတ်စ်ကား မတော်တဆမှောက်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။