ဗန်းမောက်မြို့နယ်တွင် ရွှေတွင်းမိုင်းခွဲရာမှ အလုပ်သမား ၄ ဦး အသက်ရှူကြပ် သေဆုံး
DVB
·
May 11, 2020
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ အကျီးပင်ရှိုအနီး ကျောက်ရွှေမှော်မှာ မေ ၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ရွှေတွင်းကို ယမ်းမိုင်းခွဲရာမှ အသက်ရှူကြပ်ပြီး အလုပ်သမား ၄ ဦး သေဆုံးခဲ့တယ်လို့ ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ မြေအောက် အနက် ၅ ပေအကွာမှာ ယမ်းမိုင်းခွဲတာဖြစ်ပြီး ရာဇာစိုးထက်က အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ရွှေတွင်းလုပ်သား ၁၇ ဦးအနက်မှ အသက်ရှူကြပ်တဲ့ အလုပ်သမား ၉ ဦးကို ဗန်းမောက်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် အခြေအနေ စိုးရိမ်ရသူ ၇ ဦးကို မန္တလေးဆေးရုံကို ပို့ဆောင်စဉ် ၃ ဦး လမ်းမှာ သေဆုံးသွားတာပါ။
အခုလို လူသေဆုံးမှုဖြစ်ခဲ့တာကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ဦးလှိုင်ကြီး၊ ဦးသားကြီးနဲ့ သပိတ်ကျင်းမြို့ ၆ မိုင်ရွာနေ လုပ်သားခေါင်း သန့်ဇင်တို့ကို ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက (ပ၂၅ )/ ၂၀၂၀၊ ပုဒ်မ ၃၀၄ (က )/၂၆၈ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ခင်သန်းညွန့်