အိန္ဒိယနိုင်ငံ ကမ်းခြေတခုတွင် သန်းချီရှိ ပင်လယ်လိပ်များ ပေါက်ဖွာ

ဓာတ်ပုံ-ရိုက်တာ
1.2K
အိန္ဒိယနိုင်ငံ အရှေ့တောင် ကမ်းရိုးတန်း သြဒိရှ ပြည်နယ်က ရပ်ရှ်ကူယာ ကမ်းခြေမှာ သန်းနဲ့ချီတဲ့ Olive Ridley ပင်လယ်လိပ်ပေါက်လေးတွေ ပေါက်လာပြီး ပင်လယ်ထဲ ဆင်းသွားကြတယ်လို့ မေ ၁၀ ရက်က ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါဟာ ခါတိုင်းနှစ်တွေထက် အရေအတွက် အများကြီး ပိုများပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ပြည်သူအများအပြား အိမ်တွင်းအောင်း နေကြသလို ကမ်းခြေတွေဟာလည်း လူသူကင်းမဲ့နေတာပါ။
ဒီကမ်းခြေဟာ ကမ္ဘာပေါ်မှာ ဒီလိပ်မျိုးတွေ ဆောင်းနှောင်းရာသီနဲ့ နွေဦးအစမှာ နှစ်တိုင်း ဥလာဥတဲ့ လိပ်သိုက် နည်းနည်းထဲက တနေရာလည်း ဖြစ်ပါတယ်။
ပင်လယ်လိပ်တွေဟာ ညဘက်မှာ များသောအားဖြင့် လာပြီး ဥဥလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ ထောင်နဲ့ချီတဲ့ ပင်လယ်လိပ်တွေ ကမ်းခြေပေါ် နေ့ခင်းဘက် တက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ၄၅ ရက်အတွင်း လိပ်ပေါက်လေးတွေ ထွက်လာပြီး ပင်လယ်ထဲ ပြန်ဆင်းသွားခဲ့ကြတာပါ။
ဒီနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကမ်းခြေတွေမှာ ပင်လယ်လိပ်တွေဟာ ဥပေါင်း သန်း ၆၀ လောက် ဥခဲ့တယ်လို့ ပညာရှင်တွေနဲ့ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
လူတွေ အသွားအလာ ကန့်သတ် အိမ်တွင်းအောင်းနေချိန်မှာ ကြိုးကြာနီနဲ့ ပင်လယ်လိပ်လို သားရိုင်းတိရစ္ဆာန်တွေဟာ အရင်က အလာနည်းတဲ့နေရာတွေဆီ ပြန်လာခဲ့ကြပါတယ်။