ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်ကြည့်ရှုသူသန်းချီရှိနေသည့် ယုန်လေးသီချင်း-“ဝမ်းစာ” (ရုပ်သံ)
DVB
·
May 11, 2020
“တနေ့လုပ်မှ တနေ့စား… ဗိုင်းရပ်စ်ကို ကြောက်ဖို့ မဖြစ်နိုင်… ထမင်းဝိုင်းလေး နပ်မမှန်မှာစိုးလို့… ငါလည်း ဒီလိုပဲ… ကြောက်စိတ်တော့ ရှိတယ်… မှီခိုနေတဲ့ မျက်နှာတွေ အတွက်မို့”
ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသစ်ထွက်ရှိထားတဲ့ ယုန်လေးနဲ့ မျက်နှာသစ် အဆိုတော် Min-z ၊ A4 တို့ အတူသီဆိုထားခဲ့ကြတဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
“ဝမ်းစာ” လို့ အမည်ပေးထားတဲ့ ဒီသီချင်းထဲမှာတော့ လတ်တလော ကပ်ကာလမှာ နေအိမ်ထဲ နေထိုင်ခွင့်မသာပဲ အပြင်ထွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘဝတွေအကြောင်းကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
“အိမ်ခေါင်မိုးက ကောင်းကင်ဆိုရင်… မွေ့ယာက မြေကြီးပဲ… အခြေခံ လူတန်း စားတွေအတွက် ရှူစရာ လေမရှိခဲ့… အန္တရာယ်တွေကြားထဲ… ဝမ်းရေးအတွက် တွေဝေမိတယ်… လူ့အခွင့်အရေးဆိုတာ အသက်ဝင်စေချင်တယ်… ငါချစ်တဲ့ မြန်မာပြည်ကြီးရယ်”
ယုန်လေးဟာ တေးသီချင်းတွေ ရေးသားသီဆိုနေသလို တဖက်မှာလည်း ဝါသနာပါရာ ရုပ်ရှင်ရိုက်ကူးတဲ့ အလုပ်တွေကို လုပ်ဆောင်နေသူတဦးလည်းဖြစ်ကာ သူရိုက်ကူး ပုံဖော်ဖန်တီးခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ၊ Original Gangster စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ပရိသတ် သတိပြုမိခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ ယုန်လေးဟာ ခုသီချင်းမှာလည်း မျက်နှာသစ်လူငယ်ဝါသနာရှင် ၂ ယောက်ကိုပါ လက်တွဲခေါ်ခဲ့ပြီး အတူ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။
“တခါတလေ စိတ်ပင်ပန်းလွန်းတဲ့အခါ… လူ့ဘဝကို အရှုံးပေး ထွက်သွားချင်ခဲ့တာ… ဒီအချိန်မှာ သမီးငယ်လေးရဲ့ အသံကို ကြားပြီး… အလုပ်သို့ ချီတက်လာ… ဆု တောင်းရုံကလွဲပြီး ဘာမှမရှိတော့ဘူး… လူ့အခွင့်အရေးလည်း မရှိပါဘူး… ကံကြမ္မာရယ် စေလိုရာ ဘဝပါ… သေမင်းရေ… လာခေါ်မယ်ဆိုလည်း… ငါရွေးချယ်ခွင့်မှ မရှိတာ”
ရန်ကုန်မြို့ အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားရုန်းကန်နေကြရမှု ပုံရိပ်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီသီချင်းကိုတော့ V7 Entertainment ကနေ တင်ဆက်လိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။