Live
Home
မြန်မာသတင်း
လွှတ်တော်အမတ်များ၏မိသားစုဝင်များအပါအဝင် ဝန်ထမ်း ၃၀၀ ခန့်ကို ဓာတ်ခွဲနမူနာ စစ်ဆေးမည်
DVB
·
May 11, 2020
လွှတ်တော်အမတ်တွေရဲ့ မိသားစုဝင်တွေနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်ထမ်း ခန့်မှန်း ၃၀၀ လောက်ကို ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေး Quarantine Officer အဖြစ်တာဝန်ယူထားတဲ့ ဒေါက်တာဒေါ်အေးအေးမာက ပြောပါတယ်။ လွှတ်တော်အသီးသီးရဲ့ (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွေကို တက်ရောက်ဖို့ ရောက်ရှိနေကြတဲ့ လွှတ်တော်အမတ်တွေကိုသာမကဘဲ နေပြည်တော်ကိုရောက်နေတဲ့ မိသားစုဝင်တွေ၊ စည်ပင်ဧည့်ရိပ်သာက ဝန်ထမ်းတွေနဲ့ အထောက်အကူပြုအဖွဲ့ဝင်တွေကိုပါ ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့ လွှတ်တော်တက်ရောက်ဖို့အတွက် အမတ်တွေဟာ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၂ နဲ့ ကြံ့ခိုင်ရေးရုံးချုပ်တို့မှာ ရောက်ရှိနေကြပါပြီ။  လွှတ်တော်အမတ်တွေကို ဓာတ်ခွဲနမူနာယူစမ်းသပ်မှု မလုပ်ခင်မှာ ကနဦးအနေနဲ့ မိသားစုဝင်တွေ၊ စည်ပင်ဧည့်ရိပ်သာဝန်ထမ်းတွေနဲ့ အထောက်အကူပြုအဖွဲ့ဝင်တွေကို မေ ၁၃ ရက်နေ့ ဓာတ်ခွဲနမူနာယူစစ်ဆေးမှာလည်းဖြစ်ပါတယ်။ "ပထမဆုံး အထောက်အကူပြုအဖွဲ့၊ နောက်ပြီးတော့ ကျန်းမာရေးအဖွဲ့၊ ဒီလွှတ်တော် ကိုယ်စားလှယ်ကြီးများကို ကျန်းမာရေးစောင့်ရှောက်နေသောအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကြီး များရဲ့ ရောက်ရှိနေသောမိသားစုများ၊ စည်ပင်ဧည့်ရိပ်သာ ၂ ထဲက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထိတွေ့နိုင်တဲ့ ဆက်စပ်ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့တွေ၊ ဒီလူတွေအကုန်လုံးနဲ့ လွှတ်တော်ထဲမှာရှိတဲ့ ဝန်ထမ်းတွေ၊ ခန့်မှန်း (၃၀၀) လောက်ကို ၁၃ ရက်နေ့မှာ ကြိုပြီးယူပါမယ်။ ဒါကိုလည်း ဒီတိုင်းပဲပေးပို့ပြီးစစ်ဆေးမှာ ဖြစ်ပါတယ်။ အခန်း ၈ ခန်းကို စည်ပင်ဧည့်ရိပ်သာ ၂ ကို ကြိုတင်ပြီးတော့ တောင်းပြီးတဲ့အခါမှာ အခုသန့်ရှင်းရေးတွေလုပ်ပါတယ်။ အခန်းတွေကို သေချာပြင်ဆင်၊ ဆေးတွေဘာတွေဖြန်းပြီးတဲ့ အခါမှာ ၁၃၊ ၁၄၊ ၁၅ ဆက်တိုက်စစ်သွားဖို့ စီစဥ်ထားပါတယ်" လို့ ဒေါက်တာဒေါ်အေးအေးမာက ပြောပါတယ်။ အထောက်အကူပြုအဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီး နောက်တနေ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လွှတ်တော်အမတ်တွေကို ဓာတ်ခွဲနမူနာယူစစ်ဆေးမှုတွေ ပြုလုပ်မှာပါ။ ဒီလိုမျိုး ဓာတ်ခွဲနမူနာယူရာမှာလည်း နာရီဝက်ကို လွှတ်တော်အမတ် ၅ ဦးနှုန်းနဲ့ ရယူသွားမယ်လို့လည်း ဆိုပါတယ်။ "၈ နာရီကနေ ၈ နာရီခွဲအထိကို နံပါတ် ၁၊နံပါတ် ၂၊နံပါတ် ၃ အဲ့လို တုံကင်နံပါတ်လေးတွေနဲ့ပါ။ ဘာလို့လဲဆိုတော့ လူတွေအများကြီး မဖြစ်အောင်လို့ရယ်၊ ကိုယ်စားလှယ်တွေ လာရသွားရတာလည်း အဆင်ပြေစေဖို့ရယ်၊ ကျမတို့ စီစဉ်ပါတယ်။ အဲ့ဒီမှာ နှာခေါင်းတို့ဖတ်များကို ယူပါမယ်။ ယူပြီးရင် ရေခဲပုံးများနဲ့ တခါတည်းထည့် ထားပါမယ်။ ထည့်ထားပြီးတဲ့အခါမှာ ကျမတို့က ၈ နာရီကနေ ၁၁ နာရီအထိ ယူဖို့အစီအစဉ်လုပ်ထားပါတယ်။ ၁၁ နာရီအထိ ယူပြီးသွားတဲ့အခါကျရင် ၁၂ နာရီမှာ ကျမတို့က ဒီ Sample တွေ အကုန်လုံးကို ကားနဲ့တင်ပြီးတော့ ရန်ကုန်ကို ချက်ချင်းပို့ပြီး စစ်ဆေးဖို့ လုပ်ပါတယ်" လို့ ဒေါက်တာဒေါ်အေးအေးမာက ပြောပါတယ်။ ဓာတ်ခွဲနမူနာစစ်ဆေးဖို့အတွက် လောလောဆယ်မှာ လွှတ်တော်အမတ် ၄၀၀ ကျော် စာရင်းရှိနေပြီး COVID-19 ရောဂါပိုးမတွေ့ရှိသူများသာ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်။  မေလ ၁၈ ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေကိုတော့ နှစ်ပါတ်ကြာ ကျင်းပသွားဖို့ရှိပြီး COVID-19 အတွက် ချေးငွေရယူရေး ကိစ္စ၊ ၂၀၁၉-၂၀ ဘတ်ဂျက် ကိစ္စ တို့ကို အဓိကထားဆောင်ရွက်သွားဖို့ရှိနေပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024