Live
Home
မြန်မာသတင်း
အိမ်မှာနေသည့်ကာလ  Social Media ဖြင့် အချိန်ကုန်မနေဘဲ စာဖတ်ကြရန် ကာချုပ်တိုက်တွန်း
DVB
·
May 11, 2020
ခုအချိန်ဟာ Stay Home  ကာလဖြစ်လို့ အားလပ်ချိန်မှာ Social Media တွေနဲ့သာ အချိန်မကုန်ဆုံးစေဘဲ အသိပညာဗဟုသုတဖြစ်စေမယ့် စာအုပ်စာပေတွေ ဖတ်ရှုကြဖို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မေလ ၁၀ ရက်ညနေက  ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖတွေနဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေကို  Amazing Keng Tong Hotel   မှာတွေ့ဆုံစဉ် ပြောကြားလိုက်တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ  လက်ရှိ ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာ  ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ဟာ မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး  ခုထိ ထိန်းချုပ်နိုင်တဲ့ ဆေးဝါးပေါ်ထွက်လာခြင်းမရှိသေးဘဲ စမ်းသပ်နေကြဆဲပင်လို့ စည်းကမ်းတကျနေထိုင်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒီဒေသဟာ သွားလာမှုခက်ခဲတဲ့ဒေသဖြစ်လို့ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ တပ်မတော်ကလည်း COVID-19  ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွေကို လူမျိုးမရွေး ဘာသာမရွေး၊ အင်တိုက်အားတိုက်ဆောင်ရွက်ပေးနေပြီး  အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာလည်းဆောင်ရွက်နေကြောင်း၊  Stay Home  ကာလဖြစ်လို့ အားလပ်ချိန် တွေမှာ Social Media တွေနဲ့သာ အချိန်မကုန်ဆုံးစေဘဲ အသိပညာဗဟုသုတဖြစ်စေမယ့် စာအုပ်စာပေတွေကို ဖတ်ရှုကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောပါတယ်။ ဒါ့အပြင် အိမ်တွင်းမှာ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြဖို့နဲ့ မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ငန်းတွေကို ရေရှည်မျှော်တွေးလုပ်ဆောင်ကြဖို့လည်း ပြောပါတယ်။ တွေ့ဆုံပွဲလာရောက်တဲ့ ရပ်မိရပ်ဖတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးမှာ အသုံးပြုဖို့ Surgical Masks  ၁၀၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel၂၅၀ ဘူးနဲ့ N 95 Mask ၅၀၀ ခုနဲ့  စားသောက်ဖွယ်ရာတွေ၊ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံမှာ COVID-19 ရောဂါရှာဖွေရေး RT-PCR စက် တပ်ဆင်ထားရှိမှုကိုလည်း  ကြည့်ရှုစစ်ဆေး၊ ပြည်သူ့ဆေးရုံအတွက် ဆေးအထောက် အကူပစ္စည်းများပေးအပ်ခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- CINCDS

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024