ကယားပြည်နယ် လာသူများ ခရီးသွားထောက်ခံချက် ယူလာရမည်
DVB
·
May 10, 2020
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကယားပြည်နယ်ကို လာရောက်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုကနေ ခရီးသွားထောက်ခံချက် ယူလာဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားတာမရှိဖို့နဲ့ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကို ညွှန်ကြားချက်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နေပြီး ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို အချိန်နဲ့ တပြေးညီ ဆက်စပ်ဖော်ထုတ်နိုင်ဖို့ ကယားပြည်နယ်ရဲ့ မြို့နယ် အဝင်/အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးပေးတာ၊ ခရီးသွားထောက်ခံချက်တွေ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကယားပြည်နယ်ကို လာကြမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေကနေ ရက်သတ္တ တပတ်အတွင်း ထုတ်ပေးထားတဲ့ ခရီးသွား ထောက်ခံချက်တွေ ယူဆောင်လာဖို့ အသိပေးထားပါတယ်။
ဒီထောက်ခံစာမှာ ပြည်ပနိုင်ငံတွေနဲ့ ပြည်တွင်းခရီးဝေးကလာတာ မဟုတ်တဲ့အကြောင်း ထောက်ခံဖော်ပြထားပြီး ကယားပြည်နယ်ကနေ ပြန်ထွက်ခွာမယ်ဆိုရင်လည်း အဲဒီကနေ ပြန်ထွက်ခွာသွားတယ် ဆိုတာကို ထောက်ခံပေးလိုက်မှာ ဖြစ်ပါတယ်။