နယူးယောက်တွင် ကိုရိုနာကူးစက်ခံထားရသည့် ကလေး ၃ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
741
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က ကလေး ၃ ယောက်ဟာ ရှားပါးတဲ့ ယောင်ယမ်းလက္ခဏာတွေနဲ့ သေဆုံးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တယ်လို့ ယုံကြည်ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက မေ ၉ ရက်မှာ ပြောပါတယ်။
ဒါဟာ ကလေးတွေအတွက် ကူးစက်ကပ်ဘေး အချက်ပြလက္ခဏာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ငါးနှစ်သား ကလေးတယောက်ဟာ အဆိပ်သင့် သွေးလန့်တဲ့ လက္ခဏာနဲ့ ကာဝါဆာခိ ရောဂါလက္ခဏာတွေပြပြီး သေဆုံးခဲ့တယ်။
ဒါဟာ နယူးယောက်မှာ ရှားပါးတဲ့ နာမကျန်းမှုနဲ့ ပတ်သက်တဲ့ ပထမဆုံး သေဆုံးမှုပဲလို့ ကွာမိုက ပြောပါတယ်။ ခုတော့ အလားတူ လက္ခဏာတွေနဲ့ သေဆုံးတာ ကလေး ၃ ယောက်ရှိပြီလို့ဆိုပါတယ်။
ရောဂါလက္ခဏာတွေဟာ အဖျား၊ အရေပြား အင်ပြင်ထတာ၊ ဂလင်းတွေ ယောင်ယမ်းတာနဲ့ သွေးကြောတွေနဲ့ နှလုံးတို့ ယောင်ယမ်းတာတွေ ဖြစ်ပါတယ်။
ဗိုင်းရပ်စ် ကူးစက်တဲ့ ကလေးတိုင်းမှာ ဒီလို လက္ခဏာတွေ ပြတာတော့ မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဒီလက္ခဏာတွေ ဘယ်လို ပတ်သက်တယ်ဆိုတာ သိပ္ပံပညာရှင်တွေ စူးစမ်းတွက်ချက်ဖို့ ကြိုးစားနေဆဲပါ။
နယူးယောက် ပြည်နယ်ဟာ အမေရိကန်နိုင်ငံအတွင်း ကူးစက်မှု ဗဟိုချက်ပါ။ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင် သေဆုံးမှု စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ဟာ နယူးယောက်ပြည်နယ်က ဖြစ်ပါတယ်။