ရေကြည်မြို့ စောင့်ကြည့်စင်တာတွင် မနေသည့် အမျိုးသားတဦးကို ထောင်ဒဏ် ၁ လ ချမှတ်
DVB
·
May 10, 2020
ရန်ကုန်တိုင်း အလုပ်လုပ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကို ပြန်လာသူတဦး စောင့်ကြည့်စင်တာမှာ မနေထိုင်တာကြောင့် ထောင်ဒဏ် ၁ လချမှတ်ခဲ့တယ်လို့ ရေကြည်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။
ရေကြည်မြို့နယ် နတ်စင်ငူကျေးရွာကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ အသက် ၃၀ နှစ်အရွယ် တင်အောင်ဝင်းဟာ Community Beased Facility Quarantine မှာနေထိုင်ဖို့ တာဝန်ရှိသူတွေက ပြောဆိုတာကို လက်မခံတာကြောင့် ရေကြည်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာ ထောင်ဒဏ် ၁ လ ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ နတ်စင်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
"ရန်ကုန်မှာ သွားအလုပ်လုပ်တာ သူက တခါတလေမှ ပြန်လာတာပါ။ ၇ ရက်နေ့ပြန်လာတော့ သူ့ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို Quarantine မှာ နေဖို့ သွားခေါ်ပါတယ်။ ဒါကို လက်မခံလို့ ခုလိုတရားစွဲခံရတာပါ။"
ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရန်ကုန်တိုင်းက ပြန်လာသူတွေကို Community Beased Facility Quarantine မှာ နေထိုင်ဖို့ တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ် တုံ့ပြန်ရေးအဖွဲ့က ဧပြီလ တတိယပတ်က စတင်အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း စောင့်ကြည့်စင်တာမှာ နေဖို့ငြင်းဆန်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်တာဟာ ရေကြည်မြို့နယ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သတင်း - မင်းထက်မုန်း