Live
Home
သတင်းတို
လယ်သမားများ လုပ်ခခေါင်းပုံဖြတ်ခံရမှု အရေးမယူသေး
DVB
·
April 23, 2013
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဇရပ်ပြင်ကျေးရွာက နေ့စားလယ်သမားတွေ လုပ်ခ အပြည့်အ၀မရဘဲ ခေါင်းပုံဖြတ်ခံနေရတာကို သင်္ကြန်မတိုင်ခင်ကတည်းက ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိ တရားဝင် တိုင်ကြားထားပေမယ့် အခုထိ အရေးမယူသေးဘူးလို့ ဇရပ်ပြင်ကျေးရွာ လယ်သမားတဦးက ပြောပါတယ်။ “လယ်လုပ်သားတွေကို ခေါ်တုန်းက အများပေါက်ဈေး ၂ ထောင်နဲ့ ခေါ်ပြီးမှ အလုပ်တွေလည်းပြီးရော ၁၈၀၀ ပဲတဲ့။ အများပေါက်ဈေးဆိုတာ အုပ်စုထဲမှာ ပေါက်တဲ့ဈေး၊ တခြားရွာတွေရော မြို့နယ်ကလည်း ၂ ထောင်လို့ သတ်မှတ်ထားပြီးသားပေါ့။ အလုပ်ချိန်တွေပြီးတော့ ၁၈၀၀ နဲ့ပဲ ရှင်းပေးတာလေ။ မကျေနပ်လို့ အုပ်ချုပ်ရေးမှူးနဲ့ တိုင်တော့ ပြီးတော့ မြို့နယ်ကိုလည်း တင်ထားတာရှိတယ်။ ဒါပေမယ့် အခုအချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စာပြန်မရောက်လာသေးဘူး။” လုပ်သားတွေကို လက်ရှိပေါက်ဈေး တနေ့ ၂ ထောင်နှုန်းနဲ့ ငွေရှင်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ညွှန်ကြားခဲ့ပေမယ့်လည်း လယ်လုပ်တဲ့အဖွဲ့တွေမှာ ငွေကိုင်ပြီး လုပ်ခရှင်းပေးရတဲ့ တုတ်သူကြီး ခေါ် လယ်လုပ်သား အဖွဲ့ခေါင်းဆောင်တွေက မလိုက်နာပဲ ၁၈၀၀ ကျပ် မယူရင် သူတို့ကို လုပ်အားခ မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ တခြားကျေးရွာတွေမှာ လုပ်ခအပြည့် ရကြပေမယ့် ဇရပ်ပြင်ကျေးရွာတခုတည်း လုပ်ခ ခေါင်းပုံဖြတ်ခံနေရတာလို့ လယ်သမားက ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်အုပ်ချုပ်ရေးဌာနကို ဆက်လက် တိုင်ကြားထားပေမယ့် တုတ်သူကြီးတွေရဲ့ လယ်သမားအချင်းချင်း ခေါင်းပုံဖြတ်မှုကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးတာကြောင့် ရက်ပေါင်း ၃၀ ကျော် ၄၀ လောက် လုပ်ခဲ့ကြရတဲ့ လယ်လုပ်သားတွေရဲ့ လုပ်အားခတွေ ခုချိန်ထိ မရသေးပဲ ဖြစ်နေတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024