ရှမ်းပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကို အခြေခံစားသောက်ကုန် ထောက်ပံ့ပေးမည်
DVB
·
May 9, 2020
COVID-19 အကျပ်အတည်း ကာလမှာ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က အခြေခံစားသောက်ကုန် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းကို ထောက်ပံ့နိုင်ဖို့ မေလ ၈ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေက ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူငွေထည့်ပြီး မတည်ပေးခဲ့ပါတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ များသောအားဖြင့် ဝင်ငွေနည်းတဲ့သူတွေဖြစ်တဲ့အတွက် အထောက်အပံ့တွေ လိုအပ်ကြတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးကျော်ခင်က ပြောပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ရှမ်းပြည်နယ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၄၆ ဦးရှိပြီး အချို့မှာ သက်ရှိထင်ရှားရှိသလို အချို့မှာ သေဆုံးသွားသူတွေလည်းရှိပါတယ်။
သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ခွန်ရာဇာ