Home
မြန်မာသတင်း
ဂူတာပြင်ဖြစ်စဉ် စစ်တရားရုံးတွင် သက်သေအစုံအလင်ဖြင့် စစ်ဆေးပြီးဟု တပ်မတော်ထုတ်ပြန်
DVB
·
May 9, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တရားရုံး (Court - Martial) မှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်က သက်သေအစုံအလင်နဲ့ စစ်ဆေးပြီးသွားပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တရားရုံး (Court-Martial) ရဲ့ စစ်ဆေးစီရင်တာတွေကို သက်ဆိုင်ရာ အတည်ပြုအာဏာပိုင်ရဲ့ ပြစ်ဒဏ်အတည်ပြုချက်ရရင် ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး  စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို မဖောက်ဖျက်အောင်၊ လုံခြုံရေးအရလည်း မထိခိုက်အောင် အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို စစ်ဆေးတာဟာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ် အစီရင်ခံစာပါဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး မောင်နုကျေးရွာ၊ ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ စစ်ဆေးဆောင်ရွက်တာတွေ ဆက်လက် ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။  တပ်မတော်အနေနဲ့ အစီရင်ခံစာပါ ဖြစ်စဉ်တွေထဲက မောင်နုရွာနဲ့ ချွတ်ပြင်ရွာဖြစ်စဉ်တို့ကို လေ့လာသုံးသပ် စိစစ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ အဲဒီဖြစ်စဉ်တွေအပေါ် စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ငန်းစဉ်တွေအတိုင်း စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အစီရင်ခံစာပါ ဖြစ်စဉ်တွေထဲက အင်းဒင်ကျေးရွာဖြစ်စဉ်ကို အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကျခံရသူတွေဟာ မကြာခင်မှာပဲ တပ်မတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက ကိစ္စတွေကို စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry –ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက် နေ့က ထုတ်ပြန်ပြီး သမ္မတဆီ ပေးအပ်ခဲ့သလို သမ္မတကလည်း အစီရင်ခံစာနဲ့ နောက်ဆက်တွဲတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ဆီ ပေးပို့ခဲ့ပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ အရပ်သားတွေကို သတ်ဖြတ်တာ၊ လုယက်မှုကျူးလွန်တာ၊ နေရပ်စွန့်ခွာသွားသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပြီး အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတို့မှာ အသက်ဆုံးရှုံးမှု များပြားခဲ့တာကို ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဥပဒေချုပ်ရုံးအနေနဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေကို ရာထူးအဆင့်ဆင့်အလိုက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာစေရေး အမြန်လုပ်ဆောင်ဖို့ လိုတယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) က အကြံပြုထားပါတယ်။ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က အစီရင်ခံစာမှာ ဖော်ပြထားတဲ့ဖြစ်စဉ်တွေကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေလုပ်မှာ ဖြစ်တာကြောင့် အပြီးသတ်အစီရင်ခံစာမှာပါတဲ့ ဖြစ်စဉ်တွေအတွက် သက်သေအထောက်အထား ဖြစ်နိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဧရိယာ တခုခုမှာပါတဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မဖျက်ဆီးဖို့ သမ္မတက ဧပြီ ၈ ရက်မှာ အမိန့်ထုတ် တားမြစ်ခဲ့ပါတယ်။ လူအုပ်စုတစုရဲ့ အဖွဲ့ဝင်တွေကို သတ်တာ၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်စေတာ၊ လူအုပ်စုတစုလုံးကို ဖြစ်ဖြစ်၊ တစိတ်တပိုင်းကို ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေဖို့ အကွက်ဆင်ပြီး ဘဝရပ်တည်တဲ့ အခြေအနေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေတာ၊ ကလေးမွေးဖွားတာကို တားမြစ်ဖို့ ရည်ရွယ်ပြီး အစီအမံတွေ ချမှတ်ခဲ့တာ၊ လူအုပ်စုတစုထဲက ကလေးတွေကို တခြားအုပ်စုဆီကို အဓမ္မလွှဲပြောင်းခဲ့တာတွေအတွက် သက်သေဖြစ်စေမယ့် အရာတွေကိုလည်း မဖျောက်ဖျက်ဖို့ တားမြစ်ထားပါတယ်။ ကျူးလွန်ဖောက်ဖျက်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်အစိုးရကို ညွှန်ကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024