မလေးရှားတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၉၃ ဦးကို လေကြောင်းဖြင့် ပြန်ခေါ်ယူ
DVB
·
May 8, 2020
COVID-19 ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသို့ပြန်လာဖို့ အခက်အခဲဖြစ်နေကြတဲ့ မြန်မာနိုင်ငံသား ၉၃ ဦးကို (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ဒီကနေ့ ညနေ ၄ နာရီက ရန်ကုန် ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ၁၀၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံသား ၁၆ ဦး စုစုပေါင်း ၁၂၀ ဦးတို့ကိုလည်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် MAI လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီမှာ ရန်ကုန် လေဆိပ်ကို ရောက်ရှိလာတယ်လို့ဆိုပါတယ်။
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံ အသီးသီးမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက လေယာဉ်နဲ့ ပြန်ခေါ်နေရာမှာ ဒီကနေ့အထိ မြန်မာနိုင်ငံသား ၆၀၈ ဦး ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
နေရပ်ပြန်ရောက်လာသူတွေကို သီးခြားသတ်မှတ်နေရာတွေနဲ့ သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက် quarantine အသွားအလာကန့်သတ်စောင့်ကြည့်ထားမှာဖြစ်ပါတယ်။
လာမယ့်မေလ ၉ ရက်နေ့မှာလည်း စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာ နိုင်ငံသား ၁၄၆ ဦးလောက် ဒုတိယအသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOFA